ပထမဆုံး ပြောင်းလဲကျင့်သုံးရမဲ့ နည်းကတော့ စပါးကို ကြဲခင်း စနစ်တကျ ဆောင်ရွက်ဖို့ဘဲ ဖြစ်ပါတယ်။ ကြဲခင်းနည်းပညာမှာလဲ မိုးမကျမီ အခြောက်ကြခင်းနည်းနဲ့ တမန်းပြင်ပြီး အစိုကြဲခင်းနည်း ဖြစ်ပါတယ်။
အခြောက်ကြဲခင်းနည်းကတော့ ရေတော်မိုးတော်ဒေသတွေနဲ့ ရေနက်ကွင်းများမှာ ပို၍ ကျင့်သုံးသင့်ပါတယ်။ သင်္ကြန်အပြီးမှာ ထွန်စက်ကြီးတွေနဲ့ ထယ်ရေး မှုန့်ညက်နေအောင် ပြုပြင်၊ မြင့်ရာမှ နိမ့်ရာသို့ ကြမ်းတုံး ဆွဲညှိဖို့ လိုပါတယ်။ မြေယာမပြုပြင်မီ မြေဆွေး၊ နွားချေးချဖို့ လိုပါတယ်။ တီစူပါနဲ့ ပိုတက်ရှ် ဓာတ်မြေသြဇာကို မကြဲမီ မြေခံထည့်ဖို့ လိုပါတယ်။ တစ်ဧကကို တီစူပါ ၁/၄ ပုံ အိတ်နဲ့ ပိုတက်ရှ် ၁/၈ ပုံ အိတ် သုံးဖို့ လိုပါတယ်။ မေလဆန်း၊ မေလလောက်မှာ သက်တမ်း (၁၃၅-၁၄၅) ရက်ရှိတဲ့ စပါး အပင်ပေါက် ရာခိုင်နှုန်း (၈၅) ရှိတဲ့မျိုးကို တစ်ဧက ၁ ၁/၂ - ၂ တင်းနှုန်း ထယ်ရေး အခြောက်ထဲမှာ စပါးစေ့ အခြောက်ကြဲခြင်း ဖြစ်ပါတယ်။ စပါးကြဲပြီးရင် ကြမ်းတုံးနဲ့ တဝပ် အုပ်ပေးဖို့လိုပါတယ်။
မိုးတပြိုက်နှစ်ပြိုက်ရွာလို့ မြေကြီးအစိုဓာတ် နည်းနည်းရရင် စပါးပင်လေးများ ပေါက်လာမှာ ဖြစ်ပါတယ်။ စပါးပင် ၂ ပတ် ၃ ပတ်သားမှာ ပေါင်းသတ်ဆေး ဖျန်းပေးဖို့ လိုအပ်ပါတယ်။ ကန်သင်းကို ရေလုံအောင်ပိတ်ပြီး အပင်မမြုပ်အောင် ရေစလှောင်ရမှာ ဖြစ်ပါတယ်။ ယူရီးယား၊ တီစူပါ၊ ပိုတက်ရှ် (သို့) ၁၅ ပတ်လည် ကွန်ပေါင်း မြေသြဇာကို ပင်ပွားချိန် တကြိမ်၊ မှို မကပ်မီ တပတ်အလိုတစ်ကြိမ်၊ အနှံစုံချိန်တကြိမ်၊ နို့ရည်တည်ချိန်တကြိမ် ထည့်ပေးဖို့ လိုအပ်ပါတယ်။
အခြောက်ကြဲစနစ်မှာလဲ အချို့က ကြောင်းခံ အခြောက်ကြဲစနစ် ကျင့်သုံးပါတယ်။ ညက်နေတဲ့ ထယ်ထွန်ရေးထဲမှာ ၉ လက်မခြား ထွန်နဲ့ ကြောင်းဆွဲပြီး ကြဲပါတယ်။ နောက်ပြီး ထွန်ကြောင်း ကန့်လန့်ဖြတ် ကြမ်းတုံး နှစ်ပြန်လိုက်ပါတယ်။ ဒါမှ စပါးစေ့များ အပင်ပေါက်တဲ့အခါ ထွန်ကြောင်းအတိုင်း အတန်းလိုက် ပေါက်လာပါတယ်။ ရေလှောင်ပြီး တမန်း နှိုးပေးဖို့ လိုပါတယ်။
ရေနက်ကွင်းအခြောက်ကြဲ စနစ်ကတော့ ထယ်ရေးပြင်ပြီး မိုးမလာမီ သက်ကြီးစပါးများကို တစ်ဧက (၂) တင်းနှုန်း ကြဲခြင်း ဖြစ်ပါတယ်။ သက်ကြီးစပါးက ရေနစ်ခံပါတယ်။ မိုးများလာလို့ ရေများလာရင်လဲ ရေအမြင့်အတိုင်း စပါး လိုက်မြင့်တဲ့ အမျိုးဖြစ်တဲ့အတွက် ရေနက်ကွင်းမှာ သုံးတဲ့ နည်းပညာပါ။
ဒုတိယနည်းကတော့ တမန်းစိုမှာ အစိုကြဲခြင်းဖြစ်ပြီး လယ်သမား အများစု ကျင့်သုံးလေ့ရှိတဲ့ နည်းပါ။ တမန်းညက်နေအောင် ထယ်ရေးပြင်ပြီး တမန်းမျက်နှာပြင်ညီအောင် ညှိဖို့လိုပါတယ်။ ရေသွင်းထုတ် လွယ်အောင် ပတ်မြောင်းဆွဲဖို့ လိုပါတယ်။ သက်တမ်း (၁၀၀-၁၃၅) ရက်ရှိတဲ့ စပါးမျိုးများကို တစ်ဧက (၁ ၁/၂ - ၂) တင်း နှုန်း မျိုးညှောက်စာပါးစပ်ပြူ တံဆင့်ရရှိအောင် ဖောက်ပြီး အကျညီအောင် နှစ်စပ်ကြဲပေးဖို့ လိုပါတယ်။ စပါးပင် သက်တမ်းအလိုက် ရေကို စနစ်တကျလှောင်ပြီး အပင်ပြုစုစောင့်ရှောက်ဖို့ လိုပါတယ်။
တတိယနည်းလမ်းကတော့ အစိုတမန်းပြင်မှာ မျိုးစေ့ချကိရိယာ အသုံးပြုပြီး စပါးအတန်းလိုက် မျိုးစေ့ချစိုက်ပျိုးနည်း ဖြစ်ပါတယ်။ ဒီနည်းနဲ့ တချို့နိုင်ငံတွေမှာ တစ်ဧက တင်းရာကျော်ထွက်တာ တွေ့ရပါတယ်။ လယ်လုပ်သား သုံးဦးသာ လိုပါတယ်။ တရက်မှာ ၆ - ၈ ဧကအထိ ပြီးနိုင်တယ်။ ကိရိယာ အမျိုးအစားအလိုက် စပါး ၈ တန်း ၁၂ တန်း ရရှိတဲ့အတွက် ပိုမိုပြီးစီးတာလဲ ဖြစ်တယ်။
စတုတ္ထနည်းကတော့ ဘောင်ကြဲခင်း စနစ်ဖြစ်ပါတယ်။ အစိုတမန်းကို ညီနေအောင် ပြုပြင်ပြီး လယ်ကွက်အလျားလိုက် ၈ပေခြား အိုး(ရွှံ့နွံ/တမန်းထည့်) ငှက်ပျောတုံးကြီးကြီးကို ကြိုးတပ်ပြီး မြောင်းဖြစ်အောင် ဆွဲပေးရင် ၈ပေကျယ် ဘောင်အလိုလို ဖြစ်သွားတယ်။ အဲ့ဘောင်ပေါ်မာ မျိုးညှောင့်ဖောက်ပြီး စပါးစေ့ ၁၀ ပြည်ကို ဘောင် အရေအတွက်အလိုက် ညီညာစွာပုံ၍ တပုံတဘောင် ညီညီညာညာ ကြဲရမှာ ဖြစ်ပါတယ်။ ပြီးရင် စပါးစေ့ပေါ်မှာ စက်ဖွဲပြာ ခပ်ပါးပါးဖုံးပေးဖို့ လိုပါတယ်။ စပါးစေ့ တစေ့နဲ့ တစေ့အကွာအဝေးဟာ ၅ - ၇ လက်မ ပျမ်းမျှ အကွာအဝေး ရှိတဲ့အတွက် ပင်ပွားကောင်းပြီး စပါးတင်းရာကျော်ထွက်တာကို တွေ့ရပါတယ်။
စပါး ပျိုးထောင်စိုက်ခင်းနဲ့ စပါးကြဲခင်းဟာ စပါးအထွက် ကွာခြားမှု မရှိလှဘူးဟု သုတေသန တွေ့ရှိချက်များက ဆိုပေမယ့် လုပ်ဆောင်ရမယ့် နည်းစနစ်ကို သေချာ လိုက်နာဆောင်ရွက်ဖို့ လိုပါတယ်။ စပါးကို ဘာကြောင့် တိုက်ရိုက်မျိုးစေ့ချစနစ် ဆောင်ရွက်သလဲဆိုရင် (၁) လယ်ယာလုပ်သား ရှားပါးခြင်း၊ (၂) စိုက်ခင်းစနစ် ဆောင်ရွက်ရန် ငွေကြေးအခက်အခဲရှိခြင်း၊ (၃) လုပ်ကွက် ဧရိယာ များပြားခြင်း၊ (၄) ရေနက်ကွင်း ဧရိယာဖြစ်ခြင်း၊ (၅) ဒီရေ အတက်အကျရှိသော စပါးစိုက်ပျိုးဧရိယာ ဖြစ်ခြင်းစတဲ့ အကြောင်းတရားများကို တွေ့ရပါတယ်။
စပါးကို ကြဲ/ တိုက်ရိုက်မျိုးစေ့ချခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကတော့ (၁) ပြောင်းရွှေ့ထိခိုက်မှု မရှိခြင်း၊ (၂) အမြစ်စောစော ဖွံ့ဖြိုးသဖြင့် အပင်ကြီးထွားမှု ကောင်းစေခြင်း၊ (၃) ရေနစ်မြုပ်ခြင်းနှင့် ရေငတ်ဒဏ်ခံနိုင်ခြင်း၊ (၄) ယူရီးယား မြေသြဇာမှ အမိုးနီးယား အငွေ့ပျံ လေလွှင့်မှု နည်းပါးခြင်း၊ (၅) ရေခြွေတာ အသုံးပြုနိုင်ခြင်း၊ (၆) အထွက်နှုန်းသိသာစွာ ကွာခြားမှု မရှိခြင်းများ ဖြစ်ပါတယ်။
စပါးကြဲခင်းဖြစ်စေ၊ တိုက်ရိုက်မျိုးစေ့ချခင်း ဖြစ်စေ လိုက်နာရမှာကတော့ (၁) အထွက်ကောင်း မျိုးကောင်းမျိုးသန့်ကို အသုံးပြုရမည်။ (၂) တမန်းညက်အောင် ညီအောင် ဆောင်ရွက်ရမည်၊ (၃) ပေါင်းမြက် ရှင်းလင်းရမည်၊ (၄) စပါးပင် (၃) ပတ်သား အရွယ်တွင် ကျဲနေတဲ့နေရာကို ကောက်ပင်နဲ့ မဖြစ်မနေ ဖာရမည်၊ (ဖာရန် လယ်ထောင့် ၁၂ ပေ ပတ်လည် အရန်ပျိုးခင်းထောင်ထားရမည်၊ (၅) ဓာတ်မြေသြဇာကို သက်တမ်းအလိုက် ပုံမှန်ကျွေးရမည်၊ (၆) ရေသွင်းရေထုတ်ကို မှန်မှန်လည်ပေးရမည်၊ (၇) တိုက်ရိုက်အစေ့ချတဲ့ အတန်း ဖြစ်ပါက တမန်းနှိုးပေးရမည်။
သို့ပါ၍ ကိုဗစ်ကာလအတွင်း အချိန်ကုန်သက်သာ ကုန်ကျစရိတ်သက်သာ၊ အထွက်နှုန်းသေချာတဲ့ စပါး စိုက်ပျိုးနည်းပညာများကို လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းလိုက်ရပါတယ်။
Credit - အောင်ဆန်း(စိုက်ပျိုးရေး)
အထွေထွေကဏ္ဍ
ယခုကာလတွင် ပြောင်းလဲသင့်တဲ့ စပါးစိုက်ပျိုးနည်းပညာ
- 13/06/2020
ကိုဗစ်ရောဂါ ရိုက်ခတ်လာမှုကြောင့် စပါးစိုက်ပျိုးရေးမှာလဲ နည်းပညာတွေ လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲဖို့ လိုလာပါတယ်။ အဓိကကတော့ ရင်းနှီးမြုပ်နှံမှု အခက်အခဲ၊ ဓာတ်မြေသြဇာ အခက်အခဲ၊ လယ်ယာလုပ်သားရှားပါးမှု အခက်အခဲများဟာ စိန်ခေါ်မှုတစ်ရပ် ဖြစ်လာပါတယ်။ ဒါကြောင့် ကိုဗစ်ကာလမှာ စပါးစိုက်ပျိုးတဲ့ နည်းပညာတွေကို ပြောင်းလဲဖို့ လိုအပ်လာပါတယ်။ စိုက်ပျိုးရေး ဦးစီးဌာနကလဲ မိုးစပါး စိုက်ပျိုးရေးနည်းပညာများကို ပြောင်းလဲကျင့်သုံးဖို့ Media များမှာ ကြေငြာထားပြီး အချိန်ကုန်သက်သာ၊ ကုန်ကျစရိတ် သက်သာပြီး အထွက်လဲသေချာတဲ့ နည်းပညာ ဖြစ်ပါတယ်။