သူမေးတာကတော့ "ကျွန်တော် မိုးစပါး၊ နွေစပါး ဧက ၂၀ ကျော် စိုက်လာတာ နှစ် ၂၀ ကျော်ရှိခဲ့ပါပြီ။ ဒီလိုစိုက်လာရင်း လွန်ခဲ့တဲ့သုံးနှစ်လောက်ကစပြီး မိုးရာသီမှာ လယ်မြေတွေဟာ ကျွံလာတယ်ဆရာ။ ဘယ်လောက်အထိ ကျွံသလဲဆိုရင် နွားနဲ့ထွန်ရင် နွားခြေထောက်လေးချောင်းစလုံး မြုပ်သွားပြီး တမန်းပြင်နဲ့ နွားဗိုက်နဲ့ တိုက်တဲ့အထိပါပဲဆရာ။ မြေကျွံလာတော့ ထွန်စက်တွေနစ်တယ်။ နွားတွေကျွံတယ်။ လယ်ယာလုပ်သားတွေလည်း လယ်ထဲမဆင်းရဲဘူး။ နစ်လို့၊ အဲဒီတော့ စပါးစိုက်ဖို့ မြေယာပြုပြင်လို့မရတော့ဘူး။ ကျွန်တော့လိုပဲ မိုးစပါး၊ နွေစပါး သီးထပ်စိုက်ပျိုးတဲ့ ရွာကလယ်သမားတွေ တော်တော်များများ ဒီဒုက္ခခံစားနေကြရတယ်ဆရာ။ အဲဒါ ဘယ်လိုပြုပြင်ရင်ရမလဲဆိုတာ နည်းပညာအကြံဉာဏ် တောင်းခံတာပါဆရာ"လို့ ဆိုပါတယ်။
ဒီလို မြေကျွံပြီး နွားဗိုက်နဲ့တိုက်တဲ့ ပြဿနာကို ဘယ်လိုကုစားရမလဲ၊ ကျွန်တော်ရှင်းပြပါ့မယ်။ ဒီလိုနွားဗိုက်တိုက်အောင် မြေကျွံတာကို လယ်သမားကြီးများက “ဒုံပေါက်တယ်“ လို့ ခေါ်ကြတယ်မဟုတ်လား။ ဒီလိုဒုံပေါက်ပြီး မြေကျွံတဲ့ပြဿနာဟာ မြန်မာပြည် အောက်ပိုင်း ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးအောက်ပိုင်း၊ မွန်၊ ကရင်၊ တနင်္သာရီ၊ ရခိုင် စတဲ့ မိုးကလည်းများ၊ ဒီရေကလည်းဝင်၊ မိုးစပါးအပြီး နွေစပါးကလည်း မနားတမ်းသီးထပ်စိုက်ပျိုးတဲ့ ကမ်းရိုးတန်းဒေသတွေမှာ ပိုပြီးအဖြစ်များတတ်တယ်ဗျ။ အညာဒေသမှာတော့ ဒီပြဿနာကမဖြစ်ဘူး။ မိုးစပါး၊ နွေစပါးကလည်း နှစ်စဉ်စိုက်၊ မိုးကလည်းများ၊ ဒီရေအတက်၊ အကျကလည်းဝင်တဲ့ ဒေသတွေမှာ လယ်မြေတွေဟာ ခြောက်သွေ့တဲ့ရာသီ မရှိတော့ဘဲ အမြဲစွတ်စိုနေတဲ့အတွက် မြေဆီလွှာအောက်မှာရှိတဲ့ မြေမာလွှာ (Hard Pan) ပေါက်သွားပြီး မြေကျွံတာဖြစ်ရခြင်းပါပဲ။ ဒီလိုမြေတွေမှာစေးကပ်မှုအားနည်းသွားတယ်။ ရေအမြဲဝပ်ခံထားရတော့ မြေထဲမှာ အောက်ဆီဂျင်မဲ့ဇုန် ဖြစ်သွားတယ်ဗျ။ ဒုံပေါက်မြေကျွံမြေတွေဟာ မြေစေးပါဝင်မှု ၈၀-၉၀ ရာခိုင်နှုန်းအထိ ပါဝင်ပြီးမြေသားတည်ဆောက်မှုညံ့တာ တွေ့ရတယ်။ စုစုပေါင်း နိုက်ထရိုဂျင်ပါဝင်မှုဟာ သုည ဒသမ ၂၆ ရာခိုင်နှုန်းအထက်ရှိပြီး မြေလွှာအောက်သို့ ပါဝင်မှုနည်းသွားတယ်။ ပျော်ဝင်စားသုံးနိုင်တဲ့ ပိုတက်စီယမ်ဓာတ်နည်းတာ တွေ့ရတယ်။ ဒုံပေါက်မြေကျွံမြေရဲ့ အပေါ်ယံလွှာမှာ မြေချဉ်ငန်ကိန်း ၅ ဒသမ ၂ မှ ၅ ဒသမ ၅ ရှိပြီး အောက်ပိုင်းလွှာမှာ ၅ ဒသမ ၉ မှ ၆ ဒသမ ၄ အထိရှိတာ တွေ့ရတယ်ဗျ။
ကဲ . . . ဒီလိုဆိုရင် ဒီလိုဒုံပေါက်မြေ ကျွံမြေတွေကို ဘယ်လိုကုစားပြုပြင်ရမလဲဆိုတာ ကြည့်ကြရအောင်။ နံပါတ်တစ်ကတော့ မြေဟာ အမြဲစိုပြီးဖြစ်တာဖြစ်တဲ့အတွက် မြေကို အခြောက်အခြေအနေဖြစ်အောင် ဖန်တီးယူရမယ်ဗျ။ ဘယ်လိုဖန်တီးယူရမလဲဆိုတော့ စပါးကို မိုးစပါးတစ်သီးသာစိုက်ပြီး နွေစပါးကို မစိုက်ဘဲ တစ်ရာသီလှပ်ထားရမယ်။ မြေကို အခြောက်ခံတဲ့သဘောပေါ့ဗျာ။ ဒါမှ အောက်ကပေါက် သွားတဲ့ မြေမာလွှာ ပြန်ဖြစ်ပေါ်လာမယ်။ ဒုံပေါက်မြေကျွံတဲ့ မြေတွေဟာ အများအားဖြင့် စိုနေရင် စေးကပ်ပြီး ခြောက်သွားရင် မာကျော သွားတတ်တယ်။ အပေါ်ယံမြေလွှာပပ်ကြားအက် ဖြစ်ပေါ်လေ့ရှိတတ်တယ်။
ဒုတိယအချက်ကတော့ မြေတစ်ရာသီလှပ်ပြီး အခြောက်ခံပြီးရင် တစ်ဧက နှမ်းရိုး၊ နှမ်းမှော် တစ်တန် ၊ မြေဆွေး နွားချေးတစ်တန်၊ ဂျစ်ပဆန်ကျောက်မှုန့် ၂၅ ကီလိုအိတ်သုံးအိတ်၊ မဖောက်ထုံး ပေါင် ၃၀၀ ထည့်ပြီး ၁၆ သွားထွန်စက်နဲ့ နှစ်စပ်မောင်းပြီး မြေနှပ်ထားပေး ရမယ်။ ဒါမှ မြေဆီလွှာရဲ့ဖွဲ့စည်းပုံကောင်းလာပြီး ရေစီးဆင်းအားလည်း ကောင်းလာမယ်။ မိုးရာသီရောက်ရင်တော့ မိုးစပါးကို ပြန်စိုက်နိုင်ပြီပေါ့ဗျာ။
တတိယအချက်ကတော့ ရေစီးဆင်းတာညံ့ပြီး ရေဝပ်လို့ဖြစ်တဲ့အတွက် ရေလွယ်လွယ်ထုတ်နိုင်အောင် ရေနုတ်မြောင်းကောင်းကောင်း တူးထားဖို့ပဲ ဖြစ်ပါတယ်။ ကဲ . . . ဒါဆိုရင်တော့ ဒုံပေါက်မြေကျွံ နွားဗိုက်တိုက်တဲ့မြေကို ဒီနည်းနဲ့ ကုစားပြုပြင်လို့ရပြီပေါ့ဗျာ။
Credit - အောင်ဆန်း(စိုက်ပျိုးရေး)