ပိုတက်(ရှ်)ဓာတ်ချို့တဲ့လျှင် စပါးပင်ကြီးထွားမှုနှေးပြီး အပင်ပွားမှု နည်းစေပါသည်။ အရွက်များလိပ်၍ အစိမ်းပုတ်ရောင် ဖြစ်နေပါသည်။ အရွက်ဟောင်းများ ထိပ်ဖျားမှ စတင်ဝါပြီး အညိုဖျော့ရောင်ပြောင်းကာ ခြောက်သေသွားပါသည်။ အစိမ်းပုတ်ရောင်အရွက်များပေါ်တွင် အညိုရောင် အစက်အပြောက်များတွေ့ရပြီး အနှံများ အဆံမပြည့်ဘဲ အဖျင်းဖြစ်စေပါသည်။ မြေဆီလွှာအတွင်းတွင် ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်ဓာတ်များသည် မြေတွင်းမှ ရေငွေ့ပျံသည့်ပမာဏထက် မိုးရွာ၊ နှင်းကျခြင်းပမာဏကများပါက မြေတွင်းသို့ စိမ့်ဝင်ပျောက်ဆုံးနှုန်း ပိုဖြစ်ပါသည်။ ၎င်းတို့အနက် ပိုတက်စီယမ်ဓာတ်သည် ပိုမိုစိမ့်ဝင် ပျောက်ဆုံးမှု ဖြစ်ပေါ်ပါသည်။ ဤသို့ဖြစ်စဉ်ကြောင့် ပိုတက်စီယမ်ဓာတ် ချို့တဲ့မှု ဖြစ်ပေါ်စေပါသည်။ ၎င်းပြင် ပိုတက်စီယမ်ဓာတ်သည် မြေဆီလွှာအတွင်း၌ ဓာတ်ဖိုအိုင်းယွန်းအဖြစ် တည်ရှိနေသဖြင့် ပိုတက်စီယမ်ဓာတ် မြေအောက်သို့ စိမ့်ဆင်းလျော့ပါးသွားသောနေရာတွင် ရေမှ ပြိုကွဲလာသော ဟိုက်ဒရိုဂျင်အိုင်းယွန်းများက အစားထိုးဝင်ရောက် နေရာယူသဖြင့် မြေ၏ ချဉ်ငန်ကိန်းနိမ့်စေပြီး မြေချဉ်ဖြစ်ပေါ်စေပါသည်။ တောင်သူလယ်သမားကြီးများ သတိထားရမည့် အချက်ဖြစ်ပါသည်။
ကယ်လ်စီယမ်ဓာတ်ချို့တဲ့လျှင် စပါးရွက်များ အဖြူရောင်ဖြစ်ပြီး တွန့်လိမ်နေပါသည်။ အပင်ကြီးထွားချိန်တွင် ခြောက်သေသွားသည်။ မဂ္ဂနီစီယမ်ဓာတ်ချို့တဲ့ပါက စပါးပင်ကြီးထွားမှု အပင်ပွားမှု ထိခိုက်စေပါသည်။ အရွက်များ တွန့်လိမ်ကောက်ကွေး၍ အောက်ရွက်များ လိမ္မော်ရောင်ပြောင်းကာ ခြောက်သေသွားပါသည်။ ဆာလ်ဖာဓာတ်ချို့တဲ့ပါက စပါးရွက်ဟောင်းများ တစ်ပင်လုံး ဝါစေပါသည်။ အပင်ပုစေသည်။ အနှံဂုတ် မလွတ်စေဘဲ အနှံထွက် နောက်ကျစေပါသည်။ တစ်နှံပါအောင်စေ့လဲ နည်းသွားစေပါသည်။ ဆာလ်ဖာဓာတ်ချို့တဲ့သော လယ်မြေများကို နွေထယ်ရေးထိုး၍ မြေလှန်ထားရန် လိုအပ်ပါသည်။
သွပ်ဓာတ်၊ သံဓာတ်၊ မဂ္ဂနီးစ်ဓာတ်၊ ဘိုရွန်ဓာတ်၊ ကော့ပါးဓာတ်၊ ဆီလီကာဓာတ်တွေ ချို့တဲ့ပါက အပင်ကြီးထွားမှုညံ့ပြီး အထွက်လဲ သိသိသာသာ လျော့စေတာ တွေ့ရပါသည်။ မြန်မာနိုင်ငံရှိ လယ်မြေများဟာ သွပ်ဓာတ်ချို့တဲ့တာ တွေ့ရပါသည်။ အထူးသဖြင့် မြေငန်၊ ရေဝပ်မြေ၊ ဆားပေါက်မြေတွေမှာ သွပ်ဓာတ်ချို့တဲ့မှု ပိုဖြစ်တာ တွေ့ရပါသည်။ သြဂင်းနစ် ပါဝင်မှုနည်းသော သဲဆန်မြေများတွင် ကန့်ဓာတ်ချို့တဲ့မှု ဖြစ်ပေါ်သည်ကို တွေ့ရပါသည်။ သွပ်ဓာတ်ချို့တဲ့သောလယ်မြေအတွက် ဇင့်ဆာလ်ဖိတ် တစ်ဧက (၃)ပေါင်နှုန်း ထည့်ပေးနိုင်ပါသည်။ ဇီဖာ မြေသြဇာ ၉၀ ဂရမ်ကို ရေနဲ့ဖျော်ပြီး စပါးမစိုက်မီ ပျိုးပင်များ၏ အမြစ်များကို ၎င်းဖျော်ရည်တွင် စိမ်၍ စိုက်ပျိုးပါက သွပ်ဓာတ်ချို့တဲ့မှုကို ကုစားနိုင်ပါသည်။
အပင်များ သံဆိပ်သင့်ခြင်းမှာ မြေချဉ်သောမြေများတွင် ပို၍ ဖြစ်ပေါ်စေပါသည်။ သံဆိပ်သင့်ခံရပါက စပါးပင်နီပြီး တိုနေတတ်ပါသည်။ လယ်သမားကြီးများက နီတိုဖြစ်သည်ဟု ဆိုစမှတ် ပြုကြပါသည်။ သံဆိပ်သင့်ခံရပါက စပါးပင်ရွက်ဖျားမှစပြီး အညိုအစက်အပြောက်များ ဖြစ်ပေါ်စေပါသည်။ အညိုစက်များ တဖြည်းဖြည်း ကျယ်ပြန့်လာပါက တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားပါသည်။ သံဆိပ်သင့်မှု ပြင်းထန်ပါက စပါးရွက်လည်ကြောများ ခရမ်းညိုရောင်သို့ ပြောင်းသွားပါသည်။ သံဆိပ်သင့်ခံရသော လယ်မြေကို မြေချဉ်ငန်ကိန်း မနိမ့်စေရန် သတိပြုရန် လိုပါသည်။ နွေထယ်ရေး မဖြစ်မနေ လှန်ပါ။ ထုံးထည့်ပါ။ ရေဝပ်လျှင် ရေထုတ်ပစ်ပါ။ ပိုတက်စီယမ် မြေသြဇာ မချို့တဲ့စေရန် အထူးသတိပြုရန် လိုပါသည်။
ဘိုရွန်ဓာတ်သည် အဆိပ်သင့်ပါက စိုက်ပျိုးပြီး ခြောက်ပတ်အကြာမှာ အရွက်ထိပ်ဖျားများ အဝါရောင် စဖြစ်ပေါ်ပါသည်။ အဆိပ်သင့်မှု လွန်ကဲလာပါက နောက်နှစ်ပတ်လေးပတ်အကြာတွင် ရွက်နားတစ်လျှောက် အရောင်မညီကွက်ကြား တဖြည်းဖြည်း ညိုမဲလာပြီး ညိုမှောင်ရောင် ဖြစ်သွားပါသည်။ ရေဝပ်ပါက ရေထုတ်ပစ်ရန်၊ နွေထယ်ရေးလှန်ထားရန် လိုအပ်ပါသည်။ ဘိုရွန်ဓာတ် ချို့တဲ့မှုကို ပရဆေးသုံး လဲချားအမှုန့်ကို ရေဖျော်ဖျန်း၍ ကုစားနိုင်ပါသည်။
သို့ပါ၍ တောင်သူလယ်သမားကြီးများ အနေနှင့် မျိုးစပါးတစ်သီး၊ မိုးစပါး နွေစပါး သီးထပ်နှစ်ကြာရှည်စွာ ဆက်တိုက် စိုက်ပျိုးသော လယ်မြေများတွင် မြေဆီလွှာ ဂုဏ်သတ္တိများ ပျက်သုဉ်းခြင်း၊ မြေချဉ်ခြင်း၊ မြေဆီလွှာအတွင်း အာဟာရဓာတ်များ ယုတ်လျော့ခြင်း၊ ချို့တဲ့ခြင်း၊ အဆိပ်သင့်ခြင်းများ မဖြစ်ပေါ်စေရန်အတွက် ဓာတ်မြေသြဇာများ အချိုးကျအသုံးပြုခြင်း၊ သဘာဝ မြေသြဇာများ နှစ်စဉ်ထည့်ခြင်း၊ မှန်ကန်သော သီးနှံပုံစံများ ချမှတ် ဆောင်ရွက်ခြင်းများကို မဖြစ်မနေ ဆောင်ရွက်ကြပါရန် တိုက်တွန်းလိုက်ရပါသည်။
Credit - အောင်ဆန်း(စိုက်ပျိုးရေး)
အထွေထွေကဏ္ဍ
စပါးကို နှစ်ကြာဆက်တိုက်စိုက်ပျိုးခြင်းကြောင့် မြေဆီလွှာအတွင်း ဖြစ်ပေါ်သော ပရိယာယ်များ အပိုင်း(၂)
- 30/03/2020
နိုက်ထရိုဂျင်ဓာတ်ချို့တဲ့လျှင် အပင်ကြီးထွားဖွံ့ဖြိုးမှု ရပ်တန့်စေပါသည်။ အရွက်ဟောင်းများ ရွက်ပြားကျန်ပြီး တို၍ထောင်မတ်နေပါသည်။ အပင်ပွားမှု နည်းစေပါသည်။ နိုက်ထရိုဂျင်ဓာတ် ချို့တဲ့လွန်းပါက အရွက်များ ခြောက်၍ အပင်သေသွားပါသည်။ ဖော့စ်ဖရပ်ဓာတ်ချို့တဲ့လျှင် အပင်ကြီးထွားမှု ရပ်တန့်စေပြီး ပင်ပွားနည်းစေပါသည်။ ရွက်ရင့်ရွက်ဟောင်းများ ကျန်းမာသန်စွမ်းနေပါသည်။ ဖော့စ်ဖရပ်ဓာတ်ချို့တဲ့လွန်းပါက အရွက်ရင့် အရွက်ဟောင်းများ အညိုရောင်သို့ပြောင်းပြီး ခြောက်သေသွားပါသည်။