ရေဆင်းစိုက်ပျိုးရေးသုတေသန ဦးစီးဌာန၏ စပါးသီးနှံ (၈)နှစ်ကြာ ဆက်တိုက်စိုက်ပျိုးခြင်းဖြင့် တွေ့ရှိရသော သုတေသနရလဒ်က သက်သေထူနေပါသည်။ စတင်စိုက်ပျိုးသောနှစ် မြေ၏ချဉ်ငန်ကိန်းသည် (၅.၈) ရှိရာမှ (၈)နှစ်ကြာသောအခါ (၄.၅)သို့ ပြောင်းလဲသွားခြင်း၊(မြေချဉ်သွားခြင်း ဖြစ်ပါသည်။) စတင်စိုက်ပျိုးသောနှစ်တွင် မြေတွင်းရှိ နိုက်ထရိုဂျင် ရာခိုင်နှုန်းသည် ဝ.၀၀၆၈% ရှိရာမှ ဝ.သသ၃၀% ထိ လျော့ကျသွားခြင်း၊ ဖော့စ်ဖိတ်ဓါတ်သည် တစ်ဧက ၁၂၂ ပေါင် ရှိရာမှ (၄၂) ပေါင်သို့ ယုတ်လျော့သွားခြင်း၊ ကယ်လ်စီယမ်ဓါတ်သည် (၃.၄) မီလီဂရမ်ရှိရာမှ (၁.၈) မီလီဂရမ်သို့ ဆုတ်ယုတ်သွားခြင်း၊ မဂ္ဂနီစီယမ်ဓါတ်သည် ဝ.၈၆ မီလီဂရမ်မှ ဝ.၃၈ မီလီဂရမ်သို့ ကျဆင်းသွားခြင်း၊ သဲပါဝင်မှုသည် ၇၅% ရာခိုင်နှုန်းမှ ၈၅% ရာခိုင်နှုန်ထိ မြင့်တက်လာပြီး မြေကြီးသဲဆန်သွားခြင်း၊ နုန်းပါဝင်မှုသည် ၁၅% ရာခိုင်နှုန်းမှ ၉% ရာခိုင်နှုန်းထိ ကျဆင်း၍ မြေညံ့လာခြင်း၊ မြေဆေးပါဝင်မှုသည် ၁၀% ရာခိုင်နှုန်းမှ ၆% ရာခိုင်နှုန်းထိ လျော့ဆင်းသွားပြီး မြေညံ့လာခြင်း၊ မြေ၏ အတန်းအစားမှာ သဲနုန်းမြေမှသည် သဲဆန်နုန်းမြေအဖြစ် ပြောင်းလဲသွားခြင်း ဖြစ်ပေါ်သည်ဟု သုတေသနရလဒ်က ဆိုထားပါသည်။
ဤစမ်းသပ်တွေ့ရှိချက်တွင် ယူရီးယားမြေသြဇာကို တစ်မျိုးတည်း ဆက်တိုက်ထည့်သွင်း အသုံးပြုခြင်းသ် နှစ်ကြာလာသည်နှင့် အမျှ မြေ၏ ဂုဏ်သတ္တိများ ပျက်သုဉ်းစေပြီး သီးနှံအထွက်နှုန်းကို ပိုမိုထိခိုက်စေသည်ဟု ဆိုပါသည်။ သို့အတွက် ယူရီးယားမြေသြဇာကို ဖော့စ်ဖရပ်(တီစူပါ)၊ ပိုတက်ရှ်မြေသြဇာများဖြင့် အချိုးကျသုံးစွဲရန် ထောက်ခံထားပါသည်။
စပါးကို နှစ်စဉ်ဆက်တိုက် ကြာရှည်စွာစိုက်ပျိုးရာတွင် လိုအပ်သော ဓါတ်မြေသြဇာများ လုံလောက်သည့် ပမာဏမထည့်သွင်းခြင်း၊ သဘာဝမြေသြဇာများ လုံးဝမထည့်သွင်းခြင်းဖြစ်ပါက မြေ၏ ပျက်စီးဆုံးရှုံးမှုများ ပိုမိုဖြစ်ပေါ်စေသည်ကို ဂရုမူသင့်ကြပါသည်။ အဓိကများမှာ မြေဆီလွှာအတွင်း ပရိယာယ်ဆန်ဆန် အဓိကဓါတ်များ ယုတ်လျော့ခြင်း၊ ချို့တဲ့ခြင်း၊ အနည်းလို အာဟာရဓါတ်များ လျော့နည်းခြင်း၊ ချို့တဲ့ခြင်း၊ အချို့ဓါတ်များ၏ အဆိပ်သင့်မှုကို ခံရခြင်းများပင်ဖြစ်သည်။ ဤသို့ဆိုလျှင် သီးနှံပင်များ ဖြစ်ထွန်းအောင်မြင်မှုမှာ အလွန်ဆိုးရွားစွာပင် ခံစားကြရပေသည်။
စပါးသီးနှံနှင့် အခြားသီးနှံများ ရှင်သန်ကြီးထွား အထွက်များစေရန်အတွက် အာဟာရဓါတ် (၁၆)မျိုး လိုအပ်ပါသည်။ အဆိုပါ ဓာတ်(၁၆)မျိူးမှာ နိုက်ထရိုဂျင်ဓာတ်၊ ဖော့စ်ဖရပ်ဓာတ်၊ ပိုတက်စီယမ်ဓာတ်၊ ကာဗွန်၊ အောက်စီဂျင်၊ ဟိုက်ဒရိုဂျင်ဓာတ်များနှင့် ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ ဆာလ်ဖာ၊ ဆီလီကာ၊ သံဓာတ်၊ သွပ်ဓာတ်၊ မဂ္ဂနီးစ်၊ ဘိုရွန်၊ ကော့ပါး၊ အလူမီနီယမ်တို့ ဖြစ်ပါသည်။ ဒီဓာတ်တွေကို အပင်ဖြစ်ထွန်း အောင်မြင်ရန်အတွက် အချိုးကျ သုံးစွဲရမှာ ဖြစ်ပါသည်။ အဆိုပါ ဓာတ်များ ပိုနေလျှင် အပင်အန ္တရာယ်နှင့် ကြုံရပြီး လိုနေလျှင်လည်း ချို့တဲ့မှု လက္ခဏာများ ခံစားရပြန်ပါသည်။ အချို့ဓာတ်များမှာ အပင်ကို အဆိပ်သင့်စေပါသည်။
နိုက်ထရိုဂျင်ဓာတ်သည် စပါးနှင့် သီးနှံများအတွက် မရှိမဖြစ်လိုအပ်သည့် ဓာတ်ဖြစ်ပါသည်။ သို့သော် နိုက်ထရိုဂျင်ဓာတ်ကို လွန်ကဲစွာ သုံးစွဲမိပါက အပင်ကို လောင်စေသည်။ မြေချဉ်မှု ဖြစ်ပေါ်စေသည်။ မြေပျက်သုဉ်းသွားစေနိုင်ပါသည်။ စပါးတွင် နိုက်ထရိုဂျင်ဓာတ်ကို မလိုအပ်လျှင် မကျွေးဘဲ ထားနိုင်ပါသည်။ စပါးပင်သည် နိုက်ထရိုဂျင်ဓာတ်ကို မလိုအပ်လျှင် မကျွေးဘဲ ထားနိုင်ပါသည်။ စပါးပင်သည် နိုက်ထရိုဂျင်ဓာတ်ကို လိုမလို သိရှိရန် အရွက်အရောင်တိုင်းကဒ် အသုံးပြု တိုင်းတာနိုင်ပါသည်။ အရွက်အရောင်တိုင်းကဒ်နှင့် တိုင်းတာပါက ကဒ်၏ ညွှန်းကိန်း ၃-၄ အဆင့်ပြနေပါက နိုက်ထဂရိုဂျင်ဓာတ် ထည့်စရာ မလိုသေးပါ။ တောင်သူ လယ်သမား အများစုသည် နိုက်ထရိုဂျင်ဓာတ်အတွက် ယူရီးယား မြေသြဇာကို အသုံးပြုကြပါသည်။ ယူရီးယား မြေသြဇာ တစ်အိတ်သုံးတိုင်း သဘာဝ မြေဆွေး (၃)အိပ်နှင့် ရောနှော အသုံးပြုခြင်းဖြင့် မြေသြဇာ လေလွင့် ပျောက်ဆုံးမှုကို ကာကွယ်နိုင်ပါသည်။
Credit - အောင်ဆန်း(စိုက်ပျိုးရေး)
အထွေထွေကဏ္ဍ
စပါးကို နှစ်ကြာဆက်တိုက်စိုက်ပျိုးခြင်းကြောင့် မြေဆီလွှာအတွင်း ဖြစ်ပေါ်သော ပရိယာယ်များ အပိုင်း(၁)
- 30/03/2020
စပါးသီးနှံတစ်မျိုးတည်းကို နှစ်ရှည်ကြာ ဆက်တိုက်စိုက်ပျိုးခြင်း၊ မိုးစပါးနွေစပါး နှစ်ရှည်ကြာ ဆက်တိုက်စိုက်ပျိုးခြင်းကြောင့် မြေဆီလွှာအတွင်း ဖြစ်ပေါ်ပြောင်းလဲသွားမှု ဆိုးကျိုးပရိယာယ်များနှင့် ကြုံကြရသည်။ အဓိက လိုအပ်သော အာဟာရဓါတ်များ ချို့တဲ့လာခြင်း၊ သီးနှံပင် အဆိပ်သင့်ခံရခြင်း၊ လွန်ကဲသော ပိုးမွှားရောဂါ ကျရောက်ဖျက်ဆီးမှုခံရခြင်း၊ မြေဆီလွှာ၏ ရူပဂုဏ်သတ္တိ၊ ဓါတ်ဂုဏ်သတ္တိနှင့် ဇီဝ ဂုဏ်သတ္တိများ ပျက်စီးလာခြင်း၊ မြေကျွံခြင်း၊ မြေကြပ်ခြင်း၊ မြေချဉ်ခြင်း၊ စပါးအထွက်နှုန်းအပြင် သီးထပ်စိုက်မည့် ပဲမျိုးစုံ၊ ဆီထွက်သီးနှံများပါ အထွက်နှုန်း လျော့ကျလာခြင်း ဆိုးကျိုးတရားများနှင့် ကြုံတွေ့လာရသည်။