၎င်းအပြင် N:P:K (၁၀း၁၅း၂၀) ရွက်ဖျန်းမြေသြဇာ တစ်ဧက ၂၅၀ ဂရမ်နှုန်း ဖျန်းပေးလျှင် ပိုကောင်းပါတယ်။ အပင် အစိုဓာတ် မပြတ်စေရန် ရေသွင်းပေးပြီး သီးခိုင်တစ်ခုတွင် တစ်လုံးသာထား၍ အသီးခြွေပစ်ရန်လိုအပ်ပါတယ်။
ဇွန်၊ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာရောက်လျှင် ကျွဲကောသီးကြီးထွားရန်အတွက် အရွက်မှ ချက်လုပ်သော အစာများကို အသီးအစာဖြည့်ရန်အတွက် အသုံးချပါတယ်။ အသီးကြီးထွားချိန်တွင် အပင်က စားသုံးရန်လွယ်ကူသော ရွက်ဖျန်းမြေသြဇာများ၊ ဓါတ်မြေသြဇာများကိုသာ အသုံးပြုသင့်ပါတယ်။ ပိုးမွှားရောဂါကာကွယ်ရန် ပိုးသတ်ဆေးဖျန်းမည်ဆိုပါက သြဂုတ်လမတိုင်မီ ဖျန်းသင့်ပါတယ်။ စက်တင်ဘာလတွင် စောစောအသီးပေါ်သောမျိူးဆိုလျှင် သြဂုတ်လတွင် ဆေးမဖျန်းသင့်တော့ပါ။ ဤအချိန်တွင် ပေါင်းမြက်များရှင်းလင်းပါက အမြစ်များပြတ်၍ အသီးကြွေကျတတ်သဖြင့် ပေါင်းမြက်မရှင်းလင်းသင့်တော့ပါ။ အနည်းလိုအာဟာရဓါတ်များပါသော N:P:K ရွက်ဖျန်းမြေသြဇာ (၁၅း၃၀း၃၀) ကို (၃)ကြိမ်ဖျန်းပေးရန် လိုအပ်ပါတယ်။ တစ်ပင်လျှင် ထုံး(၄)ပိသာခန့်ထည့်ပေးရန် လိုအပ်ပါတယ်။ မှိုရောဂါမကျရောက်စေရန် ဂရုစိုက်ရန် လိုအပ်ပါတယ်။ သီးလုံးများတစတစ ကြီးလာပြီဖြစ်သဖြင့် ကိုင်းထောက်ပေးရန် လိုအပ်ပါတယ်။
ကျွဲကောပင်သည် လောင်းရိပ်ကို ကြောက်ပါတယ်။ လောင်းရိပ်မမိသောနေရာတွင် ရွေးချယ်စိုက်ပျိုးရန် လိုအပ်ပါတယ်။ ကျွဲကောပင်ကို အဓိကဒုက္ခပေးသည်မှာ ကျီးပေါင်းပင်ဖြစ်ပါတယ်။ ကျွဲကောပျိုးပင် စုဆောင်းတဲ့အခါ အရည်အသွေးကောင်း၊ အထွက်ကောင်း၊ ဗီဇကောင်းတဲ့အပင်မှ လိင်မဲ့နည်းဖြင့် ပွားယူထားသော ပျိုးပင်များကို အသုံးပြုသင့်ပါတယ်။ ကျွဲကောစိုက်ခင်းတွင် ကျွဲကောပင်သည် ၃’ပေမှ ၃.၅’ပေ အမြင့်ထိ ပင်စည်တခုတည်းသာ ရှိစေရမည်ဖြစ်ပါတယ်။ ကိုင်းမကြီးများကို သုံးကိုင်းမှ ငါးကိုင်းထိ မွေးမြူပုံသွင်းရမှာ ဖြစ်ပါတယ်။ အပင်အရွက်အုံအတွင်းတွင် အလင်းရောင် ကောင်းစွာရရှိစေပြီး ရောဂါကျရောက်နှုန်း သက်သာစေရန် အလယ်ဖွင့် ပုံသွင်းနည်းစနစ်ဖြင့် ကိုင်းမွေးပုံသွင်းပေးရန် လိုအပ်ပါတယ်။ နှစ်စဉ်အသီးခူးပြီးတိုင်း ကိုင်းသေး၊ ကိုင်းညှပ်၊ ရောဂါရကိုင်းများ၊ အတွင်းဘက်လှည့်သောကိုင်းများ၊ မြေကြီးနဲ့ထိနေသောကိုင်းများကို ရှင်းလင်းဖြတ်တောက် ဖယ်ရှားပေးပြီး သဘာဝမြေသြဇာကိုများများကျွေး ရေသွင်းပေးရန် လိုအပ်ပါတယ်။
ကျွဲကောပင်ဓါတ်မြေသြဇာကျွေးခြင်းကို အသီးခူး၊ ကိုင်းဖြန်ပြီးချိန်(စက်တင်ဘာလ၊ နိုဝင်ဘာလ၊ ဒီဇင်ဘာလတွင် တစ်ကြိမ်စီ)နဲ့ ကျွဲကောသီး၊ သံပုရာသီးအရွယ်ကြီးအလုံးခန့်တွက် (မတ်လတွင်) တစ်ကြိမ်၊ ဇွန်လတွင်တစ်ကြိမ်၊ ငါးကြိမ်ခွဲကျွေးရန် လိုအပ်ပါတယ်။ အရွက်နုထွက်ချိန်တိုင်းတွင် အနည်းလို အာဟာရဓါတ်များပါသော ဓာတ်မြေသြဇာကို ရေဖျော်၍ ဖျန်းပေးရန် လိုအပ်ပါတယ်။ ပန်းမပွင့်မီမှ အသီးရင့်ချိန်ထိ အစိုဓါတ် မပြတ်စေရန် အထူးဂရုစိုက်ရမည် ဖြစ်ပါတယ်။ အသီးရင့်ပြီး ဆွတ်ဖူးရန် နှစ်ပတ်သုံပတ် အလိုတွင် အသီးအချိုးဓါတ်များစေရန် ရေဖြတ်ပေးရန် လိုအပ်ပါတယ်။ ပန်းပွင့်ညီညာစေရန် မိုးကုန်သည်မှ ဒီဇင်ဘာလကုန်ထိ ရေဖြတ်ထားရန် လိုပါတယ်။ သို့ပါ၍ အရည်ရွှန်း၊ အရသာချို ကျွဲကောသီးရရှိစေရန် အထက်ပါ နည်းပညာများ လိုက်နာဆောင်ရွက်ကြရန်ဖြစ်ပါတယ်။
Credit - အောင်ဆန်း(စိုက်ပျိုးရေး)