ကျွဲကောသီးချဉ်ရခြင်း အကြောင်းရင်းမှာ မျိုးနဲ့မြေကြီးအပေါ်မှာ တည်မီနေတာ တွေ့ရပါတယ်။ ကျွဲကောမျိူးညံ့ရင် ချဉ်တဲ့မျိုးဖြစ်နေရင် ချိုအောင် ပြုပြင်ထိန်းသိမ်းရခက်ပါတယ်။ မျိုးကောင်းတဲ့ ကျွဲကောအချိုမျိုးမချိုဘဲ ချဉ်ပြုံးပြုံးဖြစ်နေမယ်ဆိုရင် ချိုအောင်ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ပေးရင် ရပါတယ်။ ကျွဲကောဟာ လေဝင်လေထွက်ကောင်း၊ ရေစီးရေလာကောင်းတဲ့ သမမြေမှာ အရည်အသွေးကောင်းစေပါတယ်။ အကောင်းဆုံး ပေါင်းစပ်မှုဟာ သဲသမမြေဖြစ်ပါတယ်။ သဲမြေဖြစ်သော်လည်း လိုအပ်တဲ့ အာဟာရ(၁၂)မျိုးဖြစ်တဲ့ နိုက်ထရိုဂျင်၊ ဖော့စ်ဖရပ်၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ ဆာလ်ဖာ၊ မဂ္ဂနီးစ်၊ ကြေးနီ၊ သွပ်၊ ဘိုရွန်၊ သံနဲ့ မော်လစ်ဘီဒီနန်တို့ကို ပြည့်စုံအောင် ကျွေးပေးနိုင်ပါက ကျွဲကောသီး အထွက်ကောင်းတာတွေ့ရပါတယ်။ အကြိုက်ဆုံး မြေချဉ်ငန်ကိန်းကတော့ ( ၅.၅-၇.၆ ) ဖြစ်ပါတယ်။ မြေချဉ်ငန်ကိန်းနိမ့်ရင် ၄.၅ ထက် အောက်နိမ့်ရင်တော့ အာဟာရဓါတ်တွေ အထူးသဖြင့် ဖော့စ်ဖရပ်၊ ကယ်လ်စီယမ်၊ ပိုတက်စီယမ်ဓါတ်တွေ ထိန်းချုပ်ခံရပြီး ကျွဲကောသီးဟာ ချဉ်ပြုံးပြုံးဖြစ်သွားစေပါတယ်။ ဒါကြောင့် ကျွဲကောစိုက်တော့မယ်ဆိုရင် မြေဆီလွှာ ဓါတ်ခွဲစစ်ဆေးပြီး မြေချဉ်ငန်ကိန်းကို အထူးဂရုပြုရန်လိုအပ်ပါတယ်။ မြေချဉ်နေမယ်ဆိုရင်တော့ သတ်မှတ်တဲ့ မြေချဉ်ငန်ကိန်း ထိရောက်အောင် ကြိုတင်ပြုပြင်ပြီးမှ စိုက်ပျိုးသင့်ပါတယ်။
အနည်းလို အာဟာရဓာတ် ဘိုရွန်ချို့တဲ့ရင် အရွက်ပေါ်မှာ ရေစိုနာကွက်ဖြစ်ပေါ်ပါတယ်။ အရောင်မှိုင်း၊ စိမ်းညိုရောင်အကွက်များဖြစ်ပေါ်ပြီး တွန့်လိမ်သွားပါတယ်။ အသီးအရွက်အစားသေး၊ အသီးအတွင်းသားမာပြီး ကြပ်ဖြစ်၊ ပုံသဏ္ဍာန်မမှန်အသီးသီး၊ အူတိုင်မှ အစေ့ထွက်တတ်ပါတယ်။ ကြေးနီချို့တဲ့ပါက ကိုင်းအသစ်များ၊ အရွက်များ၊ အသီးများ၊ ကိုင်းများတွင် မီးလောင်ဖုသဖွယ်ဖြစ်ပြီး ကိုင်းများ ခြောက်တတ်ပါတယ်။ သံဓာတ်ချို့တဲ့ပါက ရွက်ကြားတွင် ရောင်မညီကွက်များဖြစ်ပြီး ရွက်လယ်ကြောသာ အစိမ်းရောင် ကျန်နေတတ်ပါတယ်။ သွပ်ဓါတ်ချို့တဲ့ပါက အရွက်အရွယ်အစား သေးငယ်ပြီး အစွန်းအကွက် အဖုအပိမ့်များ ဖြစ်ပေါ်စေပါတယ်။ မဂ္ဂနီစီယမ်ဓါတ် ချို့တဲ့ပါက အရွက်အဝါရောင် ပြောင်းသွားတတ်ပါတယ်။ မဂ္ဂနီစီယမ်ဆာလ်ဖိတ်ကျွေးရင် ပျောက်ကင်းစေနိုင်ပါတယ်။ နိုက်ထရိုဂျင်ဓါတ်ချို့တဲ့ပါက အရွက်များစိမ်းဝါဖျော့ရောင်ဖြစ်ပြီး အပင်အပေါ်ပိုင်း ကြီးထွားမှု ရပ်တန့်စေပါတယ်။ ဖော့စ်ဖရပ်ဓါတ်ချို့တဲ့ပါက အရွက်များ စိမ်းမှိုင်းရောင်ဖြစ်ပြီး အပင်ကြီးထွားမှု ရပ်တန့်သွားစေပါတယ်။
ဖော့စ်ဖရပ်ဓါတ်ကို လွန်ကဲစွာကျွေးမိပါက အနည်းလိုအာဟာရဓာတ်များ ချို့တဲ့မှုဖြစ်စေပြီး နိုက်ထရိုဂျင်ဓာတ်စုတ်ယူမှု လျော့နည်းစေပါတယ်။ ထုံးနဲ့ပိုတက်စီယမ် အလွန်အကျွံသုံးစွဲပါ မဂ္ဂနီစီယမ် ချို့တဲ့တတ်ပါတယ်။ ကျွဲကောစိုက်မြေ မြေချဉ်နေရင် ဒိုလိုမိုက်ကို ပိုမိုအသုံးပြုသင့်ပါတယ်။ တနည်းထုံးနဲ့ ပိုတက်စီယမ်ကိုလည်း မျှတစွာနှုန်းထားဖြင့် အသုံးပြုသင့်ပါတယ်။
ကျွဲကောသီးချိုမွှေး အရည်ရွှမ်းပြီး အရည်အသွေးကောင်းစေရန်မှာ ဓါတ်မြေသြဇာ၊ သဘာဝမြေသြဇာနှုန်းထား မှန်မှန်ကျွေးခြင်း၊ အပင်ပုံသဏ္ဍာန် ပုံသွင်းပေးခြင်းများကို ပုံမှန်ဆောင်ရွက်ပေးရန် လိုအပ်ပါတယ်။ ကျွဲကော အပင်နားချိန်တွင် မလိုလားအပ်သော ကိုင်းပိုကိုင်းတက်များ ရှင်းလင်းဖြတ်တောက်ပေးခြင်း၊ ကျီးပေါင်းပင်များဖြတ်တောက်ပေးခြင်း၊ အမြစ်ဖြတ်အသာပြောင်းအကျယ် တစ်ပေအနက်(၉)လက်မတူး၍ မြောင်းထဲတွင်နွားချေး၊ ဘိုကာရှိမြေဆွေးတွင်းဝက်၊ N:P:K (၂း၂း၁) ဓာတ်မြေသြဇာကို တစ်ပင်နှစ်ပြည်နှုန်းကျွေးပေးရန် လိုအပ်ပါတယ်။ ရေသွင်းနိုင်ရန်အတွက် ရေဝပ်ကျင်းများ၊ ရေမြောင်းများ ပြုပြင်ပေးရန် လိုအပ်ပါတယ်။
ကျွဲကောရွက်နုထွက်ချိန်သည် ကျွဲကောပင်၏ တစ်နှစ်တစ်ရာသီ ဇီဝကမ္မဖြစ်စဉ်များ ပြန်လည်လှုပ်ရှားနိုးကြားလာချိန် ဖြစ်ပါတယ်။ အကိုင်းများမှ အဖူးများစတင် နိုးကြားလာချိန်ဖြစ်ပါတယ်။ တစ်ပြိုင်တည်း ပန်းဖူးများလဲ နိုးကြားလာပါတယ်။ အပင်၏ သီးထွက်နှုန်းကို အဆုံးအဖြတ် ပေးမဲ့အချိန်ဖြစ်ပါတယ်။ ၎င်းအချိန်မှာ အပင်ကြီးထွားမှု ဟော်မုန်းကို ၃၅စီစီ တစ်ဧကဖျန်းပေးရန် လိုအပ်ပါတယ်။ အရွက်နုထွက်ချိန်တွင် N:P:K (၂၅း၂၅း၂၅) အချိုး နီးကပ်ပါတဲ့ ရွက်ဖျန်းမြေသြဇာကို ဖျန်းပေးရန် လိုအပ်ပါတယ်။ အပင်မြေကို အစိုဓါတ် မပြတ်စေရန် အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။
Credit - အောင်ဆန်း(စိုက်ပျိုးရေး)
အထွေထွေကဏ္ဍ
ကျွဲကောသီး ဘာကြောင့်ချဉ်ရသလဲ ချိုအောင် ဘယ်လိုပြုစုထိန်းသိမ်းရမလဲ အပိုင်း(၁)
- 14/03/2020
ကျွဲကောသီးဟာ မြန်မာတို့ရာသီပေါ်သစ်သီးအဖြစ် ခုံမင်စွာစားသုံးလေ့ရှိကြပါတယ်။ ယခုအခါ ပြည်ပပို့ကုန်အဖြစ်လဲ ရေပန်းစားလာတာ တွေ့ရပါတယ်။ သို့သော်လည်း ကျွဲကောသီးဟာ အချိုချိုပြီး အရည်ရွှမ်းတာ တွေ့ရတယ်။ အချိူ့အသီးများဟာ ချဉ်တာတွေ့ရပါတယ်။