ဒီထက် ပိုဆိုးတဲ့ ပြဿနာတစ်ရပ်ကတော့ စပါးရိတ်သိမ်းချိန်မှာ လယ်ထဲမှာ ရေကျန်ရှိနေတာ၊ ရေထုတ်လို့မရတာ၊ မိုးကရွာလိုက်လို့ လယ်ထဲမှာ ရေတွေနဲ့ ရိတ်နေကြရတယ်။ စပါးရိတ်သိမ်း ခြွေလှေ့စက်ကြီးတွေကလဲ “ဝိတ်”ကလေးတော့ ရိတ်စက်ကြီးတွေရဲ့ ခြေရာ စွတ်ကြောင်းကြီးတွေက မြောင်းတွေလို ဖြစ်ကုန်တယ်။ ရိတ်သိမ်းခြွေလှေ့စက်ကြီးတွေရဲ့ ဘီးတွေက တမန်းထဲ တစ်ပေ - တစ်ပေခွဲလောက် နစ်ဝင်သွားတယ်။ အဲ့ဒီဘီးခြေရာမြောင်းကြီးတွေထဲမှာ ရေက ဝပ်နေပြီး တော်တော်နဲ့ မခြောက်တာ တွေ့ရတယ်။ ဒီလိုဖြစ်နေတော့ စပါးရိတ်အပြီး နောက်ထပ်ပြန်စိုက် ပဲမျိုးစုံဆီထွက် သီးနှံအတွက်ရော၊ နွေစပါးစိုက်ဖို့အတွက်ရော မြေယာပြုပြင်ထွန်ယက်ဖို့ ခက်ခဲလာတယ်။ သီးနှံပြန်စိုက်ရင်လဲ အဲ့ဒီရိတ်သိမ်းခြွေလှေ့စက်ကြီး ခြေရာမြောင်းကြီးတွေ နေရာမှာ သီးနှံဟာ စိမ့်ကိုင်နေလို့ အပင်ကောင်းကောင်း မဖြစ်ထွန်းဘူး။ ဒီအခြေအနေကို တစ်နှစ်တစ်ခါ မြေကို ထိထိမိမိ ပြန်မပြင်နိုင်ရင် ရေရှည်မှာ လယ်တစ်ကွက်လုံး ပျက်စီးကုန်တာ တွေ့ရတယ်။
ဒီပြဿနာဟာ မြန်မာပြည် အောက်ပိုင်းဒေသ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ မွန်၊ ကရင်၊ တနင်္သာရီ ဒေသတွေမှာ အဖြစ်များတာ တွေ့ရပါတယ်။ စပါးရိတ်သိမ်းပြီးပြီဆိုတာနဲ့ ဒီပြဿနာကြီးနဲ့ နဖူးတွေ့ဒူးတွေ့ ကြုံကြရတော့တာပါဘဲ။
ဒီပြဿနာကို ဖြေရှင်းဖို့အတွက် စာရေးသူ ကိုယ်တိုင် ကွင်းဆင်းလေ့လာ သိရှိခဲ့ရတဲ့ ရန်ကုန်တိုင်း သန်လျင်မြို့နယ် စစ်ပင်ကွင်း၊ သူဌေးကွင်းကျေးရွာမှ တောင်သူလယ်သမားကြီး ဦးဆန်းဝင်း လက်တွေ့ပြုလုပ် အောင်မြင်နေတဲ့ နည်းလမ်းလေးတစ်ခုကို တောင်သူလယ်သမားကြီးများ အများစုအတွက် မျှဝေပေးလိုက်ချင်ပါတယ်။ တောင်သူလယ်သမားကြီး ဦးဆန်ဝင်းဟာ လယ်ဧက (၆၀) မိုးစပါး စိုက်ပျိုးပါတယ်။ မိုးစပါး ရိတ်သိမ်းချိန်တိုင်းမှာ မိုးမိပါတယ်။ ဒါပေမဲ့ ရိတ်သိမ်းခြွေလှေ့စက်ကြီးတွေနဲ့ ရိတ်သိမ်းပြီး အခြောက်ခံစက် (ဒေသပြုလုပ်) နဲ့ အခြောက်ခံတဲ့အတွက် စပါးရေစို မိုးမိပျက်စီးခြင်း ဒုက္ခမှ ကင်းလွတ်တာ တွေ့ရပါတယ်။ မိုးစပါး ဧက (၆၀) ရိတ်သိမ်းပြီးရင် ဧက (၄၀)ကို ပဲတီစိမ်း ပြန်စိုက်ပါတယ်။ ရေနဲ့ နီးတဲ့ဧက (၂၀) ကိုတော့ နွေစပါး ပြန်စိုက်ပါတယ်။
စပါးရိတ်ချိန်မှာ မိုးရွာတဲ့အတွက် လယ်ကွက်ထဲမှာ စပါးရိတ်သိမ်း ခြွေလှေ့စက်ကြီးများရဲ့ ဘီးခြေရာ စွတ်ကြောင်းမြောင်းကြီးတွေ ဖြစ်တဲ့ ပြဿနာ သူလဲ ကြုံရတာပါဘဲ။ သူကတော့ ဒီပြဿနာကို မိုးစပါးရိတ်သိမ်းပြီး နောက်တစ်ရက်မှာ လယ်ကန်သင်းတွေကို ပတ်ပတ်လည် လိုက်လံစစ်ဆေးပြီး ရေထွက်ပေါက်တွေကို အားလုံး လုံအောင်ပိတ်ပါတယ်။ ပြီးရင် ရိုးပြတ်မြုပ်သည်ထိ ရေလှောင်ထားပါတယ်။ လိုအပ်သလောက် ရေပြည့်သွားပြီဆိုရင် မြေဟာရေနဲ့ ပျော်ပြီး အိနေတုံးအချိန်မှာ နောက်တွဲပါတဲ့ ထွန်စက်ကြီးနဲ့ ရိုးပြတ်တွေ တမန်းထဲ မြုပ်သွားသည်ထိ နှစ်ဝပ်မောင်းပါတယ်။ ဒီအခါမှာ တမန်းဟာ ပျော်ပြီး စွပ်ကြောင်းမြောင်းကြီးတွေ ပျောက်သွားပါတယ်။ ညီလဲ ညီသွားပါတယ်။ တမန်းထဲမှာ မြုပ်သွားတဲ့ ရိုးပြတ်တွေလဲ (၅)ရက်ခန့်ထားလိုက်ရင် ပုတ်ဆွေးထားပြီး မြေသြဇာ ဖြစ်သွားပါတယ်။
အကယ်၍ နွေစပါးပြန်စိုက်မယ်ဆိုရင် လိုအပ်တဲ့ ဓါတ်မြေသြဇာ ကြဲပက်ပြီး တမန်းပြင်၍ စပါးကြဲပါတယ်။ ရေပြောင်းပြန်ထုတ်လိုက်ပါတယ်။ စပါး အပင်ပေါက်လာပြီး နှစ်ပတ်သားရှိတဲ့ အချိန်မှာ ရေကို တဖြည်းဖြည်းပြန်သွင်းပြီး အပင်ကို ပြုစုယုယထားပါတယ်။ ဒါမှမဟုတ်လို့ ပဲမျိုးစုံနဲ့ ဆီထွက်သီးနှံ စိုက်ပျိုးမယ်ဆိုရင်တော့ ပထမ ရေပြောင်အောင် မြောင်းပေးပြီး ထုတ်ပစ်ပါတယ်။ မြေအစိုဓါတ် အနေတော်သည်ထိ နေ (၃-၄) ရက် လှန်းထားပါတယ်။ မြေအစိုဓါတ် အနေတော်ပြီဆိုရင် ထယ်ရေးထွန်ရေး ပြန်ပြုပြင်ပြီး ပဲမျိုးစုံနဲ့ ဆီထွက်သီးနှံကို ပြန်စိုက်ပါတယ်။ အပင်ကို လိုအပ်တဲ့ ပြုစုထိန်းသိမ်း စောင့်ရှောက်မှု ပြုလုပ်ပေးပါတယ်။
Credit - အောင်ဆန်း(စိုက်ပျိုးရေး)