တောင်သူလယ်သမားကြီးများ သိရှိထားသင့်တဲ့ မြေဆီလွှာ ချဉ်ငန်ကိန်း၏ သီးနှံပင်များ အပေါ် အကျိုးသက်ရောက်မှု

မြေဆီလွှာတွင် မြေချဉ်ခြင်း၊ မြေငန်ခြင်းဆိုတဲ့ အဖြစ်အပျက်ရှိတယ်။ ဤသည်ကို မြေချဉ်ငန်ကိန်း (PH) ဟု ခေါ်ပါတယ်။ တောင်သူလယ်သမားကြီးများဟာ မိမိစိုက်ပျိုးသော လယ်မြေ၊ ယာမြေများ၏ ချဉ်ငန်ကိန်းကို သိရှိရန် လိုအပ်ပါတယ်။ ဒါမှသာ မိမိစိုက်ပျိုးလိုတဲ့ သီးနှံပင်များကို အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးနိုင်ကြမှာ ဖြစ်ပါတယ်။
တောင်သူလယ်သမားကြီးများ စာရေးသူထံ ဖုန်းဆက်ပြီး အမြဲမေးလေ့ရှိတာကတော့ “ဆရာ ကျွန်တော့ စပါးခင်း၊ ကျွန်တော့ ပဲခင်း အပင်မထဘူး။ ဓါတ်မြေသြဇာ ကျွေးတာလဲ မရဘူး။ အရွက်တွေ ဝါနေတယ်။ ရွက်ဖျားတွေ ခြောက်နေတယ်။ အပင်က အဆိပ်သင့်နေသလို ဖြစ်နေတယ်။ မြေငန်နေလို့ ဖြစ်တယ်လို့လဲ ပြောပါတယ်။ အဲ့ဒါ ဘာလုပ်ရမလဲ။” လို့ ဆိုကြပါတယ်။


မြေဆီလွှာဟာ ချဉ်ခြင်း၊ ငန်ခြင်းကို ယူနစ်နဲ့ ပြောရရင်တော့ ၉ အထက်ဆိုရင် အလွန်ငန်၊ ၈.၅ မှ ၉ ဆိုရင် အလယ်အလတ်ငန်၊ ၇.၅ မှ ၈.၅ ဆိုရင် အနည်းငယ်ငန်၊ ၆.၅ မှ ၇.၅ ဆိုရင် သမလုနီးပါး၊ ၆.၁ မှ ၆.၅ ဆိုရင် အနည်းငယ်ချဉ်၊ ၅.၆ မှ ၆.၁ ဆိုရင် အလယ်အလတ်ချဉ်၊ ၅.၁ မှ ၅.၅ ဆိုရင် အချဉ်များ၊ ၄.၅ အောက်ဆိုရင် အလွန်အချဉ်များဆိုပြီး သတ်မှတ်ထားတာ ရှိပါတယ်။ အများအားဖြင့် မြန်မာပြည် အောက်ပိုင်းဒေသတွေက မြေချဉ်တတ်ပြီး မြန်မာပြည် အထက်ပိုင်းဒေသက မြေငန်တတ်လေ့ ရှိပါတယ်။
သစ်ပင်များ ရှင်သန်ကြီးထွား အထွက်နှုန်းမြင့်မားဖို့အတွက် အာဟာရဓါတ်(၁၆)မျိုး လိုအပ်တယ်။ နိုက်ထရိုဂျင်၊ ဖော့စ်ဖရပ်၊ ပိုတက်စီယမ်၊ ဟိုက်ဒရိုဂျင်၊ အောက်စီဂျင်၊ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ မဂ္ဂနီစီယမ်၊ မဂ္ဂနီးစ်၊ ကယ်လ်စီယမ်၊ ဆာလ်ဖာ၊ သံ၊ ကော့ပါး၊ သွပ်၊ ဘိုရွန်၊ မော်လ်ဒီနန်၊ ကလိုရင်းတို့ ဖြစ်ပါတယ်။
မိမိရဲ့ လယ်မြေယာမြေတွေရဲ့ မြေဆီလွှာအတွင်း ချဉ်ငန်ကိန်း ဘယ်လောက်ရှိသလဲ၊ အပင်အတွက် လိုအပ်တဲ့ အာဟာရဓာတ် တစ်မျိုးချင်းစီ ဘယ်လောက် ပမာဏရှိနေသလဲဆိုတာ မြေဆီလွှာဓါတ်ခွဲသေတ္တာနဲ့ ဓာတ်ခွဲစမ်းသပ်ပြီး သိနေအောင် ဆောင်ရွက်ထားဖို့ လိုပါတယ်။ သို့မှသာ မိမိစိုက်ပျိုးမဲ့ သီးနှံနဲ့ကိုက်ညီတဲ့ မြေချဉ်ငန်ကိန်းရှိသလား၊ ဘယ်အာဟာရဓာတ်တွေက ပိုနေသလဲ၊ ဘယ်အာဟာရဓာတ်တွေ ဘယ်လောက် ထပ်မံဖြည့်တင်းပေးရမလဲဆိုတာ ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။
စပါးသီးနှံသည် မြေချဉ်ငန်ကိန်း ၅.၅ - ၇.၅ တွင် အကောင်းဆုံးဖြစ်ပါတယ်။ ပဲမျိုးစုံသီးနှံသည် မြေချဉ်ငန်ကိန်း ၆.၀ - ၇.၅ တွင် အထွက်အကောင်းဆုံးဖြစ်ပါတယ်။ ဂျုံသီးနှံသည် မြေချဉ်ငန်ကိန်း ၆.၀ - ၈.၂ တွင် အကောင်းဆုံး ဖြစ်ပါတယ်။ အစေ့ထုတ် ပြောင်းသီးနှံသည် မြေချဉ်ငန်ကိန်း ၅.၈ - ၇.၈ တွင် အကောင်းဆုံး ဖြစ်ပါတယ်။ မြေပဲသီးနှံသည် မြေချဉ်ငန်ကိန်း ၆.၀ - ၇.၅ တွင် အကောင်းဆုံး ဖြစ်ပါတယ်။ နှမ်းသီးနှံသည် မြေချဉ်ငန်ကိန်း ၆.၂ - ၇.၀ တွင် အထွက်ကောင်းဆုံး ဖြစ်ပါတယ်။ နေကြာသီးနှံသည် မြေချဉ်ငန်ကိန်း ၆.၀ - ၇.၅ တွင် အကောင်းဆုံး ဖြစ်ပါတယ်။ အာလူးသီးနှံသည် မြေချဉ်ငန်ကိန်း ၅.၆ - ၇.၀ တွင် အကောင်းဆုံး ဖြစ်ပါတယ်။ ကြက်သွန်ဖြူ/နီ သီးနှံသည် မြေချဉ်ငန်ကိန်း ၆.၀ - ၇.၈ တွင် အကောင်းဆုံး ဖြစ်ထွန်းပါတယ်။ သခွားမွှေး သီးနှံသည် မြေချဉ်ငန်ကိန်း ၆.၀ - ၆.၅ တွင် အကောင်းဆုံး ဖြစ်ပါတယ်။ ဖရဲသီး သီးနှံသည် မြေချဉ်ငန်ကိန်း ၅.၈ - ၇.၆ တွင် အကောင်းဆုံး ဖြစ်ထွန်းပါတယ်။ သရက် သီးနှံသည် မြေချဉ်ငန်ကိန်း ၅.၅ - ၇.၈ တွင် အကောင်းဆုံး ဖြစ်ပါတယ်။ မာလကာသီးနှံသည် မြေချဉ်ငန်ကိန်း ၅.၅ - ၇.၈ တွင် အကောင်းဆုံး ဖြစ်ပါတယ်။ ခရမ်းချဉ်သီးနှံသည် မြေချဉ်ငန်ကိန်း ၆.၀ - ၇.၅ တွင် အကောင်းဆုံး ဖြစ်ထွန်းပါတယ်။ နာနတ် သီးနှံသည် မြေချဉ်ငန်ကိန်း ၅.၀ - ၆.၅ တွင် အကောင်းဆုံး ဖြစ်ပါတယ်။ ရှောက်၊ သံပုရာ၊ လိမ္မော်အုပ်စုသည် မြေချဉ်ငန်ကိန်း ၅.၅ - ၇.၆ တွင် အကောင်းဆုံး ဖြစ်ပါတယ်။ ကြံသီးနှံသည် မြေချဉ်ငန်ကိန်း ၅.၅ - ၇.၅ တွင် အကောင်းဆုံး ဖြစ်ပါတယ်။ ငှက်ပျောသီးနှံသည် မြေချဉ်ငန်ကိန်း ၅.၆ - ၇.၅ တွင် အကောင်းဆုံး ဖြစ်ထွန်းတာ တွေ့ရပါတယ်။
မြေဆီလွှာ ချဉ်နေခြင်း၊ ငန်နေခြင်းကြောင့် မြေဆီလွှာအတွင်းရှိပြီးဖြစ်တဲ့ အပင်အာဟာရတွေ အပေါ်မှာ ဘယ်လိုသက်ရောက်မှု ပရိယာယ် ဖြစ်ပေါ်နေသလဲ၊ အဲ့ဒီသက်ရောက်မှု ပရိယာယ်ကြောင့် သီးနှံအပင်တွေ အပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှုတွေ တုန့်ပြန်ဖြစ်ပေါ်သလဲဆိုတာကို တောင်သူလယ်သမားကြီးများ သိထားသင့်တဲ့အတွက် ဆွေးနွေးမျှဝေချင်ပါတယ်။
မြေဆီချဉ်ရခြင်း ဘာကြောင့်ဖြစ်ရသလဲ၊ အချဉ်ဓာတ်ဖြစ်ပေါ်စေသော ဓါတ်မြေသြဇာများ လွန်ကဲစွာသုံးစွဲခြင်း (ဥပမာ- ယူရီးယား)၊ ရေနှင့်အတူ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ ဆာလ်ဖာ၊ ပိုတက်စီယမ်၊ နိုက်ထရိုဂျင် ဖော့စ်ဖရပ်ဓာတ်များ စိမ့်ဝင်စီးဆင်း ပျောက်ဆုံးခြင်းဖြစ်ပြီး ၎င်းတို့နေရာတွင် ဟိုက်ဒရိုဂျင် အိုင်ယွန်းများနှင့် အလူမီနီယမ် အိုင်းယွန်းများ အစားထိုးဝင်ရောက်ခြင်း၊ သီးနှံပင်များမှ အာဟာရဓါတ်များကို စားသုံးဖယ်ရှားခြင်း၊ အော်ဂင်းနစ်ပစ္စည်းများ ပြိုကွဲခြင်းကြောင့် ဟိုက်ဒရိုဂျင် အိုင်ယွန်းများ ထွက်လာခြင်းစသည့် အကြောင်းရင်းများကြောင့် မြေချဉ်ရခြင်း ဖြစ်ရပါတယ်။ မြေဆီလွှာချဉ်ခြင်းကြောင့် သီးနှံပင်များ ကောင်းစွာ မရှင်သန်နိုင်ခြင်း၊ မကြီးထွား မဖွံ့ဖြိုးခြင်း ဖြစ်ရပါတယ်။ မြေဆီလွှာအတွင်း နိုက်ထရိုဂျင် ဖမ်းပေးသော ဘက်တီးရီးယားများ ရှင်သန်မှု လျော့နည်းလာခြင်း၊ အမိုနီယမ်မှ နိုက်ထရိုဂျင်၊ နိုက်ထရိတ်သို့ ဓါတ်တိုးပေးသော ဘက်တီးရီးယားများ လျော့နည်းလာခြင်း၊ အော်ဂင်းနစ် ပစ္စည်းများကို ပြိုကွဲစေသော သက်ရှိ အနုဇီဝပိုးများ လျော့နည်းလာခြင်း၊ အာဟာရဓါတ်များ၏ အဆိပ်သင့်ခံရခြင်း ချို့တဲ့ခြင်းများ ဖြစ်ပေါ်စေပါတယ်။
မြေဆီလွှာငန်ရခြင်းမှာ ပင်လယ်ဒီရေငန် ဝင်ရောက်ခံရခြင်း၊ ဆပ်ပြာမြေဆပ်ပြာပေါက်ခြင်း၊ မြေအောက်ရေတွင် ဆားဓာတ်ပါဝင်မှုများနေပြီး လယ်ယာမြေများသို့ ရေသွင်းသောအခါ ဆားဓာတ်ပေါက်၍ မြေငန်ဖြစ်ပေါ်စေခြင်းများ ဖြစ်စေပါတယ်။ မြေဆီလွှာငန်နေရင်လဲ ဒြပ်စင်များ ထိန်းချုပ်ခံရသဖြင့် ချို့တဲ့ခြင်း၊ အဆိပ်သင့်ခံရခြင်းများ ခံစားရပါတယ်။
မြေဆီလွှာချဉ်ပြီး မြေချဉ်ငန်ကိန်း ၄ - ၅.၃ ရှိနေရင် အပင်များကို အလူမီနီယမ်နှင့် မဂ္ဂနီးစ် အဆိပ်သင့်စေပြီး ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ မော်လစ်ဘ်ဒီနန်၊ ဖော့စဖရပ်များ ချို့တဲ့မှုဖြစ်ပေါ်စေပါတယ်။ ဤသို့ ဖြစ်ပေါ်ရခြင်းမှာ အလူမီနီယမ်၊ သံတို့က ထိန်းချုပ်ထားခံရပြီး အော်ဂင်းနစ်များ ဓာတ်တိုးမှု ဖြစ်ပေါ်သောကြောင့် ဖြစ်ပါတယ်။ မြေချဉ်ငန်ကိန်း ၅.၃ - ၆.၀ အလယ်အလတ်ချဉ် ဖြစ်ပေါ်နေပါက ဖော့စ်ဖရပ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်နဲ့ မော်လစ်ဘ်ဒီနန်ဓာတ်များ ချို့တဲ့စေပါတယ်။ ဤသို့ ဖြစ်ပေါ်ရခြင်းမှာ အလူမီနီယမ်၊ သံတို့က ထိန်းချုပ်ထားခံရပြီး အော်ဂင်းနစ်များ ဓာတ်တိုးမှု ဖြစ်ပေါ်သောကြောင့် ဖြစ်ပါတယ်။ မြေချဉ်ငန်ကိန်း ၅.၃ - ၆.၀ အလယ်အလတ်ချဉ် ဖြစ်ပေါ်ပါနေပါက ဖော့စ်ဖရပ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်နဲ့ မော်လစ်ဘ်ဒီနန်ဓာတ်များ ချို့တဲ့စေပါတယ်။ ဤသို့ အခြေအနေတွင် အမိုနီယမ် ဓာတ်မြေသြဇာနှင့် တီစူပါ ဓာတ်မြေသြဇာ သုံးစွဲခြင်းမှ ရှောင်ကြဉ်ရန် လိုအပ်ပါတယ်။ မြေချဉ်ငန်ကိန်း ၆ - ၇.၀ အနည်းငယ်ချဉ်ရှိတဲ့ အခြေအနေတွင် သံဓာတ်ချို့တဲ့နိုင်ပြီး ဖော့စ်ဖရပ် ပျော်ဝင်မှုများစေပါတယ်။ မြေချဉ်ငန်ကိန်း ၇ - ၈.၅ အလယ်အလတ်ငန် အခြေအနေတွင် ဖော့စ်ဖရပ်နဲ့ အနည်းလို အာဟာရဓာတ်များ ချို့တဲ့မှု ဖြစ်စေပါတယ်။ ဘိုရွန်ဓာတ် အဆိပ်သင်ြ့ပီး အော်ဂင်းနစ်ပစ္စည်းများ ဓာတ်တိုးခြင်း ဖြစ်ပေါ်စေပါတယ်။ ကယ်လစီယမ်ဓာတ်ထုံး (သို့) ဂျစ်ကဆန် ကျောက်မှုန့်ထည့်ပေးသင့်ပါတယ်။
ထုံးထည့်ပေးရာတွင် မြေအမျိုးအစားလိုက် မြေချဉ်ငန်ကိန်းအလိုက် ထုံးထည့်သွင်းရမည့် ပမာဏများ သတ်မှတ်ထားပါတယ်။ သဲမြေ မြေချဉ်ငန်ကိန်း ၄.၅ - ၅.၅ အခြေအနေတွင် တစ်ဟက်တာ ထုံး ဝ.၇ တန် ထည့်ပေးရန် လိုပါတယ်။ မြေချဉ်ငန်ကိန်း ၅.၅ - ၆.၅ ရှိနေပါက တစ်ဟက်တာ ထုံး တစ်တန် ထည့်ပေးရန် လိုပါတယ်။ နုန်းသမမြေတွင် မြေချဉ်ငန်ကိန်း ၄.၅ - ၅.၅ ရှိနေပါက တစ်ဟက်တာ ထုံး ၂.၈ တန် ထည့်ပေးရန်နဲ့ မြေချဉ်ငန်ကိန်း ၅.၅ - ၆.၅ ရှိနေပါက တစ်ဟက်တာ ထုံး ၃.၅ တန် ထည့်ပေးရန် လိုအပ်ပါတယ်။ မြေစေးမြေတွင် မြေချဉ်ငန်ကိန်း ၄.၅ - ၅.၅ ရှိနေပါက တစ်ဟက်တာ ထုံး ၃.၇ တန် ထည့်ပေးရန်နဲ့ မြေချဉ်ငန်ကိန်း ၅.၅ - ၆.၅ ရှိနေပါက တစ်ဟက်တာ ထုံး ၄.၇ တန် ထည့်ပေးရန် လိုအပ်ပါတယ်။ (တစ်တန် = ၆၀၀ ပိဿာ)
မြေဆီလွှာအတွင်း နိုက်ထရိုဂျင် ချို့တဲ့ပါက စပါး အပင်ပု၊ တစ်ပင်လုံး စိမ်းဝါရောင် မြစ်ပင်ပွား နည်းစေပါတယ်။ ဖော့စ်ဖရပ် ချို့တဲ့ပါက အရွက်အစိမ်းပုတ်ရောင်ဖြစ်၊ အပင်ပု အရွက်ထောင်မတ်နေပါတယ်။ ပိုတက်စီယမ် ချို့တဲ့ပါက ရွက်နားများဝါ၊ အစက်အပျောက်များ ဖြစ်စေပါတယ်။ သွပ်ဓာတ်ချို့တဲ့ပါက အပင်ကြီးထွားမှု နှေးကွေး၊ အရွက်အပေါ် အစက်အပျောက်ဖြစ်၊ မြေငန်ရင် ဖြစ်တတ်ပါတယ်။ သံဓာတ်ချို့တဲ့ရင် ရွက်လယ်ကြောဝါ၊ စပါးရွက်များဖြူ မြေငန်ရင် ပိုဖြစ်ပါတယ်။ မြေချဉ်ခြင်း၊ မြေငန်ခြင်း ဖြစ်ပေါ်ပါက ဒြပ်စင်များက သီးနှံပင်များကို အဆိပ်သင့်မှု ဖြစ်စေပါတယ်။ ဒြပ်စင်များ အဆိပ်သင့်ရာတွင် သံဓာတ်အဆိပ်သင့်ခြင်း၊ ဆာလ်ဖိုဒ် အဆိပ်သင့်ခြင်း၊ ဘိုရွန် အဆိပ်သင့်ခြင်း၊ မဂ္ဂနီးစ် အဆိပ်သင့်ခြင်း၊ အလူမီနီယမ် အဆိပ်သင့်ခြင်း၊ ဆားငံဓာတ် အဆိပ်သင့်ခြင်း ဖြစ်စေပါတယ်။ အပင်များ အဆိပ်သင့်ခံရပါက သေကြေပျက်စီးသည်ထိ ခံရတတ်ပါတယ်။
သို့ပါ၍ တောင်သူလယ်သမားကြီးများ အနေနဲ့ မိမိ လယ်ယာမြေ၏ မြေချဉ်ငန်ကိန်းကို သိရှိအောင် ဆောင်ရွက်ပြီး မြေချဉ်မြေငန်များကို ပြုပြင်၍ သီးနှံများအတွက် လိုအပ်သော အာဟာရဓာတ်များကို တွက်ချက် ထည့်သွင်းပေးနိုင်ခြင်းဖြင့် သီးနှံများ အထွက်များဆုံး ရရှိနိုင်ကြပါစေဟု ဆုတောင်းလျှက်….။
Credit - အောင်ဆန်း(စိုက်ပျိုးရေး)

Share this article

About us

We established Myanma Shwe Nagar Agricultural Group Co.,Ltd since 2004 in Myanmar .

 

We had mainly invested in agriculture by doing production and distribution of Fertilizers, insecticides, herbicides and some plants growth regulators, hormones which all are essential inputs used in all farms to get crop high yield.

Last posts

Contact Us

 No.402 ,U Phoe Hlaing Street Shwe Lin Ban Industrial Zone Hlaing Thar Yar Tsp,Yangon, Myanmar .

 myanmashwenagaroffice@gmail.com

 09253322255, 09253322266, 09253322277, 09253322288,09450601897