သရစ် (Baliothrips Biformis) ပိုးဟာ စပါးပင်ငယ်စဉ် (ကြဲခင်း(သို့)ပျိုးခင်း)မှာ ပိုမိုကျရောက်တတ်ပါတယ်။ စပါးပင်အပြင် ကန်သင်းပေါ်မှာရှိတဲ့ ပေါင်းမြက်ပင်တွေမှာ လက်ခံအပင်အဖြစ် ပြောင်းလဲ ရှင်သန်နေနိုင်ကြပါတယ်။ အဲ့ဒီ ပေါင်းမြက်ပင်တွေမှာ ဘဝစက်ဝန်းလည်ပတ်ရင်း ခိုအောင်းနေရာမှ စပါးခင်း( ကြဲခင်း(သို့)ပျိုးခင်း ) အပင်နုနုဘက်သို့ ကူးပြောင်းဖျက်ဆီးတာ ဖြစ်ပါတယ်။ ပေါင်းမြက်ခင်းမှ စပါးပင်သို့ ကူးစက်ခြင်းဟာ စပါးပင် အချင်းချင်း ကူးစက်ခြင်းထက် ပိုမိုကူးစက်ပျံ့ပွားမှုနှုန်း မြန်တာကို တွေ့ရပါတယ်။
နွေစပါးခင်းမှာ ပိုမိုကျရောက်လေ့ရှိပါတယ်။ ရေကျနောက်စိုက် စပါးခင်းများ၊ တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးတဲ့ စပါးခင်းများ၊ ရေကြီးနစ်မြုပ်ပြီး ပြန်လည်စိုက်ပျိုးတဲ့ စပါးခင်းများမှာ ဆိုးဝါးစွာ ကျရောက်လေ့ရှိပါတယ်။ သရစ်ပိုးကျရောက်မှုကြောင့် စပါးအထွက်ပျမ်းမျှ (၂၀) ရာခိုင်နှုန်းထိ အထွက်ထိခိုက်နိုင်ပါတာယ်။
သရစ်ပိုး ကျရောက်ဖျက်ဆီးတဲ့ လက္ခဏာကတော့ ရွက်ထိပ်ဖျားများ ခြောက်သွေ့ပြီး ကျရောက်မှုများပါက ရေပြတ်ရေငတ်နေသော စပါးပင်လက္ခဏာနဲ့ ဆင်တူတာတွေ့ရပါတယ်။ စိုက်ခင်းတွင် ရေမရှိပါက လက္ခဏာ ပိုမိုထင်ရှားပြီး စပါးရွက်အောက် မျက်နှာပြင် အဝါရောင်မှ အနီရောင်အထိ အစင်းများတွေ့ရပြီး အရွက်အနားမှာ အရွက်အလယ်ရိုးအထိ အစင်းများ တွေ့ရပါတယ်။ စပါးနှံထွက်ချိန်မှာ ကျရောက်ဖျက်ဆီးခံရပါက စပါးအဖျင်းဖြစ်စေတတ်ပါတယ်။ ထိပ်ဖျားစပါးအရွက်လိပ်ထဲမှာ သရစ်ပိုးအကောင်ကြီး၊ အကောင်ငယ် နှစ်မျိုးလုံး တွေ့နိုင်ပါတယ်။
သရစ်ပိုးရဲ့ ဘဝစက်ဝန်းဟာ ဥဘဝ (၄)ရက်၊ အကောင်ငယ်နဲ့ နားနေအဆင့် (၁၀-၁၄)ရက်၊ ရုပ်ဖုံးအဆင့်(၇-၁၁)ရက် စုစုပေါင်းဘဝစက်ဝန်း(၂)ပတ်ခန့်သာ ရှိပါတယ်။ တချို့လိင်မဲ့နည်းနဲ့ မျိုးပွားနိုင်ပါတယ်။ ဒါကြောင့် သရစ်ပိုးကျပီဟေ့ဆိုရင် မြန်မြန်ပွားနိုင်တယ်။ စပါးပင် သက်တမ်း တခုအတွင်းမှာ (၂-၃) ကြီး သားဆက်ပွားနိုင်တဲ့အတွက် ဂရုပြုကာကွယ် နှိမ်နှင်းရေး မပြုလုပ်ရင်တော့ ပျက်ဆီးဆုံးရှုံးမှု ပိုမိုခံစားကြရပါတယ်။ ဥမှပေါက်စ အကောင်ဟာ အဖြူ(သို့) အဝါဖျော့ရောင်ရှိပြီး အရွက်ထဲမှာ အရောင်ပြောင်းပါတယ်။ အကောင်ကြီးဟာ ညှိမဲရောင်ရှိပြီး (၁) မီလီမီတာခန့် ရှည်ပါတယ်။ အဆစ်(၇)ဆစ်ပါပြီး ဦးမျှင်တစုံ ပါရှိပါတယ်။
သရစ်ပိုးကို ကာကွယ်နှိမ်နှင်းဖို့ကတော့
(က) ကြိုတင်ကာကွယ်ခြင်း
- စပါးခင်း ပတ်ဝန်းကျင်ရှိ ပေါင်းမြက်ခြုံနွယ်တို့ကို ပြောင်စင်အောင် သုတ်သင်ရှင်းလင်း၍ မီးရှို့ပါ။
- စပါးခင်းကို ဆေးရွက်ကြီး ဇီဝပိုးသတ်ဆေးရည်ကို ပိုးမလာမီ ကြိုတင်၍ တစ်ပတ်တစ်ကြိမ် (၃)ကြိမ် ဖျန်းပါ။
(ခ) နှိမ်နှင်းခြင်း
- စပါးရွက်ထိပ်ဖျားလိပ်၍ ခြောက်နေသော အပင်များကို နှုတ်၍ မီးရှို့ပစ်ပါ။
- စပါးခင်းကို စပါးပင် ထိပ်ဖျားမြုပ်သည်အထိ ရေသွင်းပေးပါ။
- ခြောက်သွေ့နေသော စပါးရွက်လိပ်ကို ခွဲကြည့်ပါက စပါးခင်း တစ်ဧက အမဲရောင် အကောင်ကလေးများပါသော စပါးပင် (၂၀) တွေ့ရှိပါက ပင်လုံးပြန့်ပိုးသတ်ဆေး တမျိုးမျိုးကို သတ်မှတ်နှုန်းထားအတိုင်း တစ်ပတ်တစ်ကြိမ် ဖျန်းပေးပါ။
Credit - အောင်ဆန်း(စိုက်ပျိုးရေး)
အထွေထွေကဏ္ဍ
စပါးမှာ ကျရောက်ဖျက်ဆီးတဲ့ သရစ်ပိုး အချိန်မီ ကာကွယ်နှိမ်နှင်းပါ
- 05/03/2020
ဒီတစ်ပတ် ဆွေးနွေးချင်တာကတော့ စပါးပင်ငယ်စဉ်မှာ ကျရောက်ဖျက်ဆီးတတ်တဲ့ သရစ်ပိုး ကာကွယ်နှိမ်နှင်းနည်း အကြောင်းဘဲဖြစ်ပါတယ်။ ခုတလော နွေစပါးစိုက်တဲ့ ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်၊ မွန်၊ ကရင်ဒေသတွေမှာ သရစ်ပိုးကျရောက်ဖျက်တီးတတ်လို့ တောင်သူလယ်သမားကြီးများ ဒုက္ခရောက်နေကြရတယ်ဆိုတဲ့ သတင်းကို သတင်းစာ၊ ဂျာနယ်များမှာ ဖတ်ရှုရပါတယ်။