စပါးစေ့ခြွေလှေ့ပြီး (၂၄)နာရီအတွင်း အစိုဓါတ်(၁၈)ရာခိုင်နှုန်းထိချပေးရန်နှင့် (၂) ရက်အတွင်း အစိုဓါတ်(၁၄)ရာခိုင်နှုန်းထိ ချပေးနိုင်မှသာ ဆန်အရည်အသွေးကောင်းကို ရရှိနိုင်သည်။ ရိတ်သိမ်းပြီး မခြွေဘဲ ကန်သင်းပေါ်၊ တလင်းပေါ်တွင် ကြာရှည်စွာ ကောက်လှိုင်းပုံထားခြင်းသည် အရည်အသွေးကောင်းဆန် မည်သို့မျှ မရရှိနိုင်ပေ။
လယ်သမားအများစုသည် စပါးစေ့ကို မိရိုးဖလာနည်းအတိုင်း နေအပူချိန်ဖြင့် အခြောက်လှန်းကြပါသည်။ စပါးစေ့တွင် ရေဓါတ်သုံးမျိုးပါဝင်နေပါသည်။ (၁) ဖွဲ့စည်းထားသောရေ (Bound Water) ၎င်းရေသည် ဒြပ်စင်များ ပါဝင်ဖွဲ့စည်းထားသဖြင့် ထုတ်ပယ်ပစ်ရန် ခက်ခဲသည်။ (၂) စုတ်ယူထားသောရေ (Absordbed Water) ၎င်းရေသည် ဖွဲ့စည်းရေ၏ အပေါ်ယံလွှာတွင် ရှိသည်။ ဟိုက်ဒရောဆိုဒ်၊ အေဖိုဒ်များ ပါဝင်နေသဖြင့် အပူချိန်မြင့်ဖြင့် ဖယ်ထုတ်ပစ်နိုင်သည်။ (၃) ကင်းလွတ်ရေ (Free Water) ၎င်းရေသည် တစ်သျှူးများအတွင်း လွတ်လွတ်လပ်လပ် တည်ရှိနေသည်။ အပူချိန်နဲနဲနှင့် လွယ်လွယ်ဖြင့် ဖယ်ထုတ်ပစ်နိုင်သောရေဖြစ်သည်။
ဤအခြေခံ သဘောတရားကို အခြေခံသိရှိ၍ စပါးအား အခြောက်ခံခြင်းသည် အရည်အသွေးကောင်း ဆန်ရရှိရန် အထောက်အကူပြုသည်။ စပါးနေလှန်းရာတွင် အပူချိန် (၄၃) ဒီဂရီစင်တီဂရိတ် (သို့) (၁၀၀) ဒီဂရီ ဖာရင်ဟိုဒ်ထက် ကျော်လွန်နေလျှင် နေမလှန်းသင့်ပါ။ ဆန်ရောင်ပျက်၍ ဆန်သားအက်စေပါသည်။
လယ်သမားများ စပါးနေလှန်းရာတွင် မနက်(၈း၀၀)နာရီမှ ညနေ (၅း၃၀)နာရီထိ တစ်နေကုန် တောက်လျှောက် တစ်ဆက်တည်း နေလှန်းကြပါသည်။ နေ့လည် (၁၂း၀၀) နာရီမှ (၂း၀၀) နာရီအတွင်း နေပြင်းပြင်းပူချိန်တွင် စပါးစေ့ပေါ်သို့ တိုက်ရိုက်ကျရောက်သော အပူချိန်သည် ၅၅ ဒီဂရီစင်တီဂရိတ်မှ ၆၅ ဒီဂရီ စင်တီဂရိတ်ထိ ရှိပါသည်။ ၎င်းအပူချိန်သည် ဆန်သားလောင်ကျွမ်းစေပြီး ဆန်ရောင်ပျက်၊ ဆန်သားအက်၍ ဆန်ကြိတ်ခွဲပါက ဆန်အကျိုးအကြေများစေပါသည်။
စပါးကို နံနက် (၈း၀၀) နာရီမှ (၁၂း၀၀) နာရီထိ တစ်ကြိမ်၊ ညနေ မွန်းလွဲ (၂း၀၀) နာရီမှ ညနေ (၅း၃၀) နာရီအတွင်း တစ်ကြိမ်လှန်းသင့်ပါသည်။ ၎င်းအချိန်တွင် အပူချိန် (၄၃) ဒီဂရီ စင်တီဂရိတ်ခန့်သာ ရှိပါသည်။ စပါးစေ့ထုကို ၄ - ၅ လက်မသာထား၍ တစ်ကြိမ်လှန်းလျှင် (၄-၅) ကြိမ်ခန့် အထက်အောက် လှန်မွှေပေးရန် လိုအပ်သည်။ နေ့လည်နေပြင်းချိန် စပါးကို နေမလှန်းသင့်ပါ။ ဖြစ်နိုင်လျှင် စပါးအခြောက်ခံစက်ဖြင့်လှန်းလျှင် အရည်အသွေးကောင်းဆန် ရရှိရန် အခွင့်အလမ်းသာပါသည်။
အချို့လယ်သမားများသည် နိုင်လွန်ဇကာပိုက်အပြာများ၊ တာလပတ်များခင်း၍ နေလှန်းကြသည်ကို တွေ့ရပါသည်။ နေ့အပူချိန် မြင့်လာသည်နှင့်အမျှ မြေကြီးထဲမှ အစိုဓါတ်သည် အငွေ့ပျံ၍ ဇကာပိုက်နှင့် တာလပတ်ကို ဖြတ်ပြီး စပါးစေ့တွင် လာရောက်ခိုအောင်းနေပါသည်။ စပါးခြောက်ပြီဟုဆိုပြီး စပါးသိမ်းသောအခါ ၎င်းအစိုဓါတ်များသည် စပါးစေ့တွင် ပါလာပါသည်။ သိုလှောင်သည့်အချိန်တွင် ၎င်းအစိုဓါတ်က မှိုတက်ခြင်း၊ စပါးအောက်စေခြင်းဖြင့် ဒုက္ခပေးပါတော့သည်။ နိုင်လွန်စကာပိုက်အပြာဖြင့် စပါးလှန်းခြင်း မပြုလုပ်သင့်ပါ။ အချို့လယ်သမားများက ကတ္တရာလမ်းပေါ်တွင် စပါးလှန်းကြပါသည်။ နေ့လည် နေပြင်းပြင်းပူချိန်တွင် အပေါ်မှ နေပူရှိန်နှင့် အောက်က ကတ္တရာလမ်း၏ အပူချိန်တို့ အထက်မီးအောက်မီးပေးထားသလို အလွန်ပူပြင်းလှပါသည်။ ဤစပါးစေ့များသည် အရည်အသွေး ကောင်းနိုင်စရာ အကြောင်းမရှိတော့ပါ။ ကတ္တရာလမ်းပေါ်တွင် နေပြင်းပြင်းပူချိန် စပါးမလှန်းသင့်ပါ။
စပါးစေ့၏ အရည်အသွေးကို ကျဆင်းစေသည်မှာ ပေါင်းစေ့၊ ဖုံ၊ ခဲ၊ သလဲ၊ ကျောက်ခဲ အမှိုက်သရိုက်တို့ ဖြစ်ပါသည်။ စပါးကို သန့်စင်စက်တွင် စနစ်တကျ သန့်စင်ပြီးမှ ဆန်ကြိတ်သင့်ပါသည်။ စပါးကို မသန့်စင်ဘဲ သိုလှောင်ပါက စပါးကို မည်ကဲ့သို့ စိတ်တိုင်းကျ အခြောက်ခံစေခဲ့ကာမူ ရောနှောပါလာသော ပေါင်းစေ့၊ အမှိုက်၊ ဖုံ၊ ခဲ၊ သလဲများတွင် ရှိနေသည့် အစိုဓါတ်ကြောင့် စပါးစေ့ကို အစိုပြန် မှိုတက်ပျက်စီးပြီး စပါးအရည်အသွေး ကျဆင်းသွားစေပါသည်။
ဆန်အရည်အသွေးကောင်း ရရှိရန် ကြိတ်ခွဲရေးအပိုင်း၊ သိုလှောင်ရေးအပိုင်းတို့သည် အလွန်အရေးပါလှပါသည်။ ဆန်စက်အဆင့်မမီခြင်း၊ သန့်ရှင်းမှုမရှိခြင်း၊ သိုလှောင်မှုစနစ်မရှိခြင်းတို့သည် စပါးအရည်အသွေး မည်သို့ကောင်းစေကာမူ ဆန်အရည်အသွေးကို ဆွဲချသွားစေပါသည်။
ယနေ့အဆင့်မြင့် ဆန်စက်ကြီးများနှင့် ကြိတ်ခွဲရာတွင် ဆန်သားလုံးပြည့်ပါဝင်မှု (Whole Kernal) ပို၍ မြင့်မားလာသည်ကို တွေ့ရသည်။ ဤအချက်သည် ဆန်အရည်အသွေးမြင့်မားခြင်း၏ သော့ချက်ဖြစ်သည်။ ဆန်လုံးရှည်လျှင် ဈေးကောင်းရရှိရန် ဆန်လုံးတိုလျှင် ဈေးကောင်းမရနိုင်ပါ။ ဆန်စက်အဆင့်မြင့်လာပါက စားသုံးရန် အသင့်ဆန် (Ready To Eat = RTE) ပိုမို ရရှိလာသည်။ အဆင့်မြင့် ဆန်စက်ကြီးများတွင် အကောင်းစား ဆန်ဖြူကျောက်ကို အသုံးပြုသည်။ ဆန်ဖြူကျောက်ပူလျှင် ဆန်အကျိုးအကြေများစေသည်. ဆန်ပွတ်ရော်ဘာလုံးကြားသို့ စပါးလုံးသည် ဒေါင်လိုက်ကျဖို့လိုသည်။ ဒေါင်လိုက်မကျလျှင် ဆန်လုံးကွဲစေသည်။
ဆန်အက်ကြောင်းပါလျှင် ထမင်းချက်ပါက ထမင်းလုံး ထိပ်ဖွာမှု ဖြစ်စေပါသည်။ ဆန်အရည်အသွေး ကောင်းမွန်မှုသည် ဆန်အိတ်များကို သိုလှောင်ရုံအတွင်း စနစ်တကျ စီထပ်သိုလှောင်ပြီး၊ လုံခြုံမှုရှိအောင် စီမံထားခြင်းအပေါ်တွင် မူတည်နေသည်။ ကြွက်၊ ငှက်၊ ပိုးဟပ် မဖျက်ဆီးရန် လိုသည်။ ဆန်ကို ကြာရှည်သိုလှောင်ထားပါက ဖွဲနုတက်ပြီး ဆန်သားအတွင်း ဓါတ်ပြောင်းလဲမှု ဖြစ်စေသည်။ ဆန်အရောင်ပျက်၊ ဆန်အနံ့ဆိုးထွက်၊ ဆန်သားအက်စေပါသည်။ သို့အတွက် ဆန်အရည်အသွေး ကောင်းစေရန် အဆင့်မြင့် ဆန်စက်ကြီးများ စနစ်ကျသည့် ဆန်သိုလှောင်ရုံကြီးများ များစွာ ထူထောင်ရန် လိုအပ်နေပြီဖြစ်သည်။ သို့ပါ၍ မြန်မာ့ဆန် ကမ္ဘာ့ဈေးကွက်တွင် ရင်ဘောင်တန်း ယှဉ်ပြိုင်နိုင်အောင် အားလုံးဝိုင်းဝန်း ကြိုးပမ်းကြဖို့ တိုက်တွန်းလိုက်ရပါသည်။
Credit - အောင်ဆန်းစိုက်ပျိုးရေး