မြန်မာ့ဆန် ကမ္ဘာ့ဈေးကွက်မှာ ရင်ဘောင်တန်းနိုင်ဖို့ဆိုလျှင် အပိုင်း(၁)

မြန်မာ့ဆန် ကမ္ဘာ့ဈေးကွက်မှာ မျက်နှာပန်းလှ ရင်ဘောင်တန်းနိုင်ဖို့ဆိုလျှင် အရည်အသွေးကောင်းဖို့ လိုအပ်ပါသည်။ သို့သော် မြန်မာ့ဆန်သည် အရည်အသွေးမကောင်းသည့်အတွက် ကမ္ဘာ့ဈေးကွက်မှာ နောက်တန်းရောက်ခဲ့သည်မှာ ကြာခဲ့ပါပြီ။ ဆန်အရည်အသွေး ညံ့တဲ့အတွက် အာဖရိကလို နိုင်ငံတွေကိုဘဲ အားကိုးနေရသည်။ အခြားဆန်ကောင်းစားတဲ့ နိုင်ငံကြီးတွေကို ဝင်တိုးလို့မရဘူး ဖြစ်နေသည်။ ဆန်အရည်အသွေးညံ့တော့ ဈေးကောင်းလဲမရနိုင် ဖြစ်ခဲ့ရသည်။


ဆန်အရည်အသွေး ကောင်းခြင်းတွင် ဆန်၏ အတွင်းဆန်သားနှင့် အပြင်အရောင်အသွေး ကြည်လင်တောက်ပမှု၊ သန့်စင်မှုရှိခြင်းတို့သည် အရေးပါသော အချက်များ ဖြစ်သည်။ ဆန်အရည်အသွေး ကောင်းဖို့ဆိုလျှင် စပါးစိုက်ပျိုးပြုစု ထိန်းသိမ်းချိန်၊ ရိတ်သိမ်းသယ်ယူ၊ ခြွေလှေ့ချိန်၊ သိုလှောင်ချိန်၊ စပါးကြိတ်ခွဲသိုလှောင်ချိန် စသည့်အဆင့်ဆင့် (Supply Chain) တစ်ခုလုံးကို ကောင်းမွန်အောင် သတိပြုဆောင်ရွက်ဖို့ လိုအပ်ပါသည်။
ဆန်အရည်အသွေးကောင်းရန် ကနဦးဒုက္ခပေးနေသည့် အချက်မှာ စပါးမျိုးပေါင်းများစွာ ရှိနေခြင်း ဖြစ်ပါသည်။ ဧည့်မထအုပ်စုဝင် စပါးမျိုးပေါင်း (၃၀၀)ကျော်ခန့် ရှိပါသည်။ ဧည့်မထအုပ်စုဝင် စပါးများကို ရောဝယ်ပြီး ရောကြိတ်နေသည်ကို တွေ့ရသည်။ ကမ္ဘာ့ဈေးကွက်တွင် ဆန်၏ အရွယ်အစားကို ဆန် အရွယ်အစားခွဲသည့် ကွန်ပျူတာကိရိယာနှင့် စစ်လိုက်လျှင် ဧည့်မထအုပ်ဝင် ဆန်များတူသလိုလိုနှင့် အ အရွယ်အစား အမျိုးမျိုး ထွက်လာသည်။ ဆန်အရည်အသွေး ညံ့သွားသည်။ ကမ္ဘာ့ဆန်ဈေးကွက်မှ လက်မခံတော့ပါ။ သို့အတွက် အရည်အသွေးကောင်း၊ အထွက်ကောင်း၊ ကမ္ဘာ့ဈေးကွက်တွင် ယှဉ်နိုင်သည့် စပါးတစ်မျိုး နှစ်မျိုးလောက်သာ တစ်ကွက်တစ်စပ်တည်း စိုက်ပျိုးစေရန် စီမံသင့်သည်။
ကမ္ဘာ့ဈေးကွက်တန်းဝင် အရည်အသွေးကောင်းဆန်ဆိုသည်မှာ ဆန်လုံးရှည်(Long Grain) ဖြစ်ပြီး၊ အလျား ၆ ဒဿမ ၈ မှ ၇ မီလီမီတာရှိရန် လိုအပ်သည်။ ဆန်၏ အရှည်နှင့် လုံးပတ်အချိုးသည် (၃း၁)ရှိရန် လိုအပ်သည်။ ဆန်၏အရှည်နှင့် လုံးပတ်အချိုးသည် (၃း၁) ရှိရန် လိုအပ်သည်။ နူးညံ့ပျော့ပြောင်းမှုအတွက် အမိုင်းလို့(စ်)ပါဝင်မှု (၂၀-၂၂) ခန့် ရှိဖို့လိုသည်။ ဆန်၏ မာကြောမှု (Hardness) သည် (၅-၆) ထိ ရှိရမည်ဖြစ်သည်။ မြန်မာ့ဆန်သည် စနစ်တကျ မထိန်းသဖြင့် မာကြောမှု (၃-၄) ခန့်သာရှိသည်။ သို့အတွက် အကျိုးအကြေများသည် ဆန်သားကြည်လင်ပြီး ဖယောင်းသားကဲ့သို့ တောက်ပနေရန် လိုအပ်သည်။ ထမင်းချက်လျှင် ထမင်းလုံး၏ ရှည်ထွက်မှုမှာ (၂)ဆ ကျော်ခန့် ရှိရမည်ဖြစ်သည်။
စပါးဂုတ်ဆစ်တက်ချိန်တွင် အောင်စေ့ရာခိုင်နှုန်းကို အဆုံးအဖြတ်ပြုသည်။ မျိုးပွားအင်္ဂါ ကွဲပြားခြင်းအဆင့်၊ အနှံထွက် ပန်းပွင့်ချိန်အဆင့်၊ အနှံစေ့များ စတင်ရင့်မှည့်ချိန်အဆင့်များတွင် အောင်စေ့ရာခိုင်နှုန်းကို ကျဆင်းစေနိုင်သော အကြောင်းအရာများ ဖြစ်ပေါ်စေပါသည်။ လုံးပိန်လုံးညှပ်နှင့် အဖျင်းအစေ့များသာ ဖြစ်ပေါ်စေသည်။ ၎င်းအနက် အဖျင်းအစေ့များသည် ခြွေလှေ့စဉ် ဖယ်ရှားပစ်နိုင်သဖြင့် ဆန်အရည်အသွေးကို မထိခိုက်နိုင်ပါ။ လုံးပိန်လုံးညှပ်များသည် စပါးကြိတ်ခွဲရာတွင် အရွယ်အစားမမီသော ဆန်စေ့များဖြစ်သဖြင့် ဆန်အရည်အသွေးကို ထိခိုက်စေပါသည်။ သို့အတွက် ကနဦးကတည်းက ပြည့်ဖြိုးနေသော ဆန်စေ့ရအောင် ဂရုစိုက် ထိန်းသိမ်းခဲ့ရန် လိုအပ်ပါသည်။
စပါးမျိုးအလိုက် စပါးစေ့အလေးချိန် သတ်မှတ်ချက်ရှိပါသည်။ သတ်မှတ်အလေးချိန်ပြည့်မှသာ စပါးအရည်အသွေး စံချိန်မီပါသည်။ စပါးစေ့အလေးချိန်သည် အနှံခက် စတင်ဖြစ်ပေါ်ချိန်မှ ရင့်မှည့်စပြုချိန်အတွင်း ဖြစ်တည် ကြီးထွားပါသည်။ စပါးစေ့အလေးချိန် စံချိန်မီစေရန် နေရောင်ခြည်စွမ်းအား၊ အရွက်အတွင်း နိုက်ထရိုဂျင်ဓါတ်ပါဝင်မှုပမာဏ၊ စပါးစေ့သို့ ကစီဓါတ်ကောင်းစွာ ပို့ဆောင်မှုတို့၏ ပြည့်စုံမှုသည် အရေးပါသည်။ အပူချိန် (၂၅) ဒီဂရီ စင်တီဂရိတ်ထက် မြင့်ပါက အရွက်မှ အစေ့သို့ ကစီဓါတ်ပို့ဆောင်နိုင်မှု စွမ်းအားကျစေသည်။ စပါးစေ့အလေးချိန်လည်း လျှော့သွားစေသည်။ စပါးကြိတ်ခွဲရာတွင် ဆန်အရွယ်အစား အဆင့်မမီသဖြင့် အရည်အသွေးကို ထိခိုက်စေသည်။
စပါးစေ့များ နို့ရည်တည်ချိန်တွင် ရေလိုအပ်ပါသည်။ စပါးစေ့နို့ရည်တည်ချိန်တွင် လိုအပ်သောအစာကို အလံရွက်မှ ၆၀ - ၆၅ ရာခိုင်နှုန်း ပို့ပေးပါသည်။ ကျန်အရွက်(၅)ရွက်မှ (၃၅-၄၀) ရာခိုင်နှုန်း ပို့ပေးပါသည်။ အစာချက်လုပ်အားကောင်းရန်နှင့် အစာပို့အားကောင်းရန်အတွက် အလံရွက် အပါအဝင် အရွက်(၆)ရွက်သည် ဤအချိန်တွင် ကျန်းမာသန်စွမ်းပြီး စိမ်းစိုနေရန် လိုအပ်သည်။ နေရောင်ခြည် စွမ်းအားအပြည့်အဝ ရရှိမှု၊ အာဟာရဓါတ်လုံလောက်မှု၊ ရေလုံလောက်မှုတို့သည် စပါးအောင်စေ့များပြီး ပြည့်ဖြိုးရန်အတွက် အဓိကသော့ချက်ဖြစ်သည်။ ဤအချိန်တွင် လယ်ကွင်းအတွင်း ရေပြတ်ပါက ဆန်သားဗိုက်ဖြူဖြစ်ပြီး၊ အက်ကြောင်းပေါ်စေပါသည်။ ဆန်သားအရောင်ညံ့၍ ဆန်အကျိုးအကြေများစေပြီး၊ အရည်အသွေးကို ကျဆင်းသွားစေပါသည်။ သို့အတွက် လယ်ကွက်အတွင်း အာဟာရနှင့် ရေမပြတ်စေရန် အထူးသတိပြုရမည့်အချက်ဖြစ်သည်။
စပါးပင် ယိုင်လဲမှုသည် စပါးလေလွင့်ဆုံးရှုံးမှုသာမက စပါးစေ့များ ရွှံ့ကပ်ခြင်းကြောင့် စပါးစေ့ အရောင်ပျက်ပြီး ဆန်အရည်အသွေးကိုပါ ကျစေပါသည်။ စပါးပင်ယိုင်လဲခြင်းသည် အပင်မြင့်လွန်းခြင်း၊ ကောက်ကွက်စိပ်လွန်းခြင်း၊ နေရောင်ခြည် ရရှိမှုနည်းပါးခြင်း၊ ပင်စည်တွင် ပိုးမွှားရောဂါဒဏ်ခံရခြင်းတို့ကြောင့် ဖြစ်ရသည်။ ဤအချက်များ မဖြစ်ပေါ်အောင် သတိပြုစောင့်ရှောက် ထိန်းသိမ်းခြင်းဖြင့် ဆန်အရည်အသွေးကောင်းကို ရရှိနိုင်ပါသည်။
စပါးနှံတွင် ကျရောက်သော နှံစုတ်ဂျပိုးသည် စပါးစေ့ အစေ့တွင်းစာကို ထိုးဖောက်စုတ်စားပြီး ၎င်းမှအနံ့ဆိုးသည် စွန့်ထုတ်ရည် စွန့်ထုတ်သဖြင့် စပါးစေ့များ အရောင်အစွန်းအထင်းများဖြစ်စေပြီး၊ အတွင်းသား စပါးစေ့ပါ အရောင်အသွေးကို ထိခိုက်စေသည်။ အရည်အသွေး ညံ့သွားစေပါသည်။ သို့အတွက် ထိထိရောက်ရောက် ကြိုတင်ကာကွယ်နှိမ်နှင်းရန် လိုပါသည်။
စပါးရိတ်သိမ်းချိန် မှန်ကန်ခြင်းသည် စပါးအရည်အသွေး ကောင်းစေမှုကို အကျိုးပြုပါသည်။ စပါးရိတ်သိမ်းရန် အကောင်းဆုံးအချိန်ကို မောင်းညိုချိန်ဟု သတ်မှတ်ပါသည်။ စပါးအနှံထွက်ပြီး (၂၅-၃၀)ရက်သည် မောင်းညိုချိန်၊ ရိတ်သိမ်းရန် အသင့်ဆုံး အချိန်ဖြစ်သည်။ ရိတ်ချိန်မှန် ရိတ်သိမ်းပါက ဆန်ထွက် (၆၅%) ရာခိုင်နှုန်း ရရှိပြီး၊ အဆင့်မြင့် အရည်အသွေးကောင်းဆန် (၅၅%) ရာခိုင်နှုန်း ရရှိသည်။ (DAR-Research Report 2000 YAEZIN) စပါးကို စောရိတ်သိမ်းပါက အစိုဓါတ်များနေ၍ မှိုတက်တတ်ပါသည်။ နောက်ကျရိတ်သိမ်းပါက စပါးစေ့ကျွမ်းပြီး ဆန်သား အက်ကြောင်းပေါ်၍ အရည်အသွေး ညံ့သွားစေပါသည်။
ဆန်အရည်အသွေးကောင်း ရရှိစေရန် ရိတ်သိမ်းချိန်လွန် နည်းပညာ (Post Harvest Technology) ကို အပြည့်အဝ အသုံးချရန် လိုပါသည်။
လယ်သမားများသည် လယ်တစ်ဧကကို ရိတ်သား (၄-၅)ယောက်ဖြင့် တအိအိရိတ်သိမ်းနေကြသည်။ သတ်မှတ်ရက်အတွင်းမပြီး၊ တဖြည်းဖြည်း နောက်ဆွဲသွားသည်။ ရိတ်သင့်သည့်အချိန်ထက် ကျော်လွန်သွားသဖြင့် စပါးစေ့နေလောက်ကျွမ်းသွားသည်။ ကြွေလွင့်မှုများ၍ လေလွင့်ဆုံးရှုံးရသည့်အပြင် ဆန်သားအက်ကြောင်းဖြစ်၊ ဆန်သားနောက်သွားသဖြင့် ဆန်အရည်အသွေးနိမ့်သွားစေသည်။ ရိတ်သိမ်းခြွေလှေ့စက်ကြီးများနှင့် ရိတ်သိမ်းပါက ဆန်သားကောင်း၍ အရည်အသွေးမြင့်ဆန်ကို ရရှိနိုင်သည်။
အချို့လယ်သမားများသည် စပါးရိတ်သိမ်းပြီးပါက ကောက်လှိုင်းများကို ဘွဲ့မစည်းဘဲ လယ်ကွက်ထဲတွင် နှစ်ပတ်၊ သုံးပတ်၊ တစ်လခန့် ထားကြသည်။ စပါးစေ့များသည် နေ့အချိန် နေပူလိုက်၊ ညအချိန် အေးလိုက်နှင့် နေ့ညအပူချိန် ကွာခြားမှုကြောင့် စပါးစေ့ နေလောင်ကျွမ်းစေသည်။ စပါးစေ့များ အောက်စေသည်၊ မှိုတက်စေသည်၊ ဆန်အရောင်ပြောင်း၍ ဆန်သားညစ်သွားစေသည်။ ဆန်အရည်အသွေး ကျဆင်းစေသည်။ အချို့သီးထပ်စိုက်မည့် ဒေသများတွင် စပါးရိတ်အပြီး ကောက်လှိုင်းများကို ကန်သင်းပေါ်တွင် ကောက်ဆိုင်းထိုးထား၍ ရက်ရှည်လများ ထားကြသည်။ နေ့ည အပူချိန် ကွာခြားမှု၊ မြေကြီးအောက်မှ တက်လာသော ရေငွေ့တို့ကြောင့် မှိုတက်၊ ဆန်ရောင်ပျက်၊ ဆန်သားအက် ဖြစ်ပေါ်စေပါသည်။ ကောက်လှိုင်းများကို အချိန်တန်၍ ရွှေ့သည့်အခါတွင်လည်း အောက်တွင် စပါးစေ့များ ဖွေးနေအောင် ကြွေကျကျန်ရစ်ခဲ့သည်။ လေလွင့်ဆုံးရှုံးမှုများပင်ဖြစ်သည်။
အချို့လယ်သမားများသည် တလင်းကို သေချာမခေါက်သဖြင့် စပါးစေ့တွင် ဖုန်၊ ခဲ၊ သလဲ၊ အမှိုက်သရိုက် ရောနှောပါလာပေသည်။ တလင်းတွင် ကောက်ပြန့်ကို ကြာရှည်ထားသဖြင့် နေ့အပူချိန် ညအအေးချိန်နှင့် စပါးပုံအစိုပြန်သည်။ မှိုတက်၊ ဆန်ရောင်ပျက်၊ ဆန်သားအက်ကွဲသည်။ အထူးသဖြင့် ဆန်အနံ့သည် မှိုနံ့စွဲနေသည်ကို တွေ့ရှိရသည်။ (Rice Cultivation in Japan 1967)
Credit - အောင်ဆန်းစိုက်ပျိုးရေး

Share this article

About us

We established Myanma Shwe Nagar Agricultural Group Co.,Ltd since 2004 in Myanmar .

 

We had mainly invested in agriculture by doing production and distribution of Fertilizers, insecticides, herbicides and some plants growth regulators, hormones which all are essential inputs used in all farms to get crop high yield.

Last posts

Contact Us

 No.402 ,U Phoe Hlaing Street Shwe Lin Ban Industrial Zone Hlaing Thar Yar Tsp,Yangon, Myanmar .

 myanmashwenagaroffice@gmail.com

 09253322255, 09253322266, 09253322277, 09253322288,09450601897