မကွေးတိုင်းဒေသကြီး မြို့နယ်တစ်ခုက လယ်သမားကြီး ဦးထွေးက စာရေးသူထံကို ဖုန်းဆက်ပြီး အကြံဉာဏ် တောင်းခံလာပါတယ်။ ဖုန်းထဲမှာ သူပြောတာကတော့ သူဟာ မြေပဲ ဆင်ပဒေသာ (၉)မျိုးကို (၁၀) ဧက စိုက်ထားတယ်။ မြေပဲပင်တွေဟာ တစ်လသားအရွယ်မှာ အပင်အရွက်တွေ ခြောက်သေ တယ်။ မြေပဲဥကျတဲ့ အချိန်မှာလဲ ခြောက်သေတယ်။ မသင်္ကာလို့ မြေပဲပင်ကို နှုတ်ကြည့်တော့ အမြစ်တွေ စားခံထားရလို့ ပြတ်နေတယ်။ တစ်ချို့ မြေပဲတောင့်တွေကိုလဲ စားထားတာ တွေ့ရတယ်။ မြေကြီးထဲမှာ ကျိုင်းကောင်လို အကောင်တွေကိုလဲ တွေ့ရတယ်။ အဲ့ဒါ ဘာကြောင့်ဖြစ်တာလဲ။ ဘယ်လို ကာကွယ်နှိမ်နှင်းရမလဲလို့ ဆရာဆီ ဖုန်းဆက် အကြံဉာဏ် တောင်းခံရတာပါလို့ ဆိုပါတယ်။
ဦးထွေးပြောပြချက်အရဆိုရင် မြေပဲခင်းဟာ ဖိုးလမင်းကျိုင်းကောင် ဒုက္ခပေးတာ ခံနေရတာ ဖြစ်တယ်ဗျ။
ဖိုးလမင်းကျိုင်းကောင်များဟာ အစာစားသောက်ရင်း မိတ်လိုက်ကြတယ်။ မိတ်လိုက်ပြီး မြေကြီးထဲမှာဘဲ ခိုအောင်းနေကြတယ်။ ဖိုးလမင်းကျိုင်းမတစ်တွေဟာ မြေကြီးထဲမှာဘဲ ဥအုချတယ်။ အမတစ်ကောင်ဟာ ဥပေါင်း ၂၈ - ၈၀ ဥထိ အုနိုင်တယ်။ အုတဲ့အခါ အစုလိုက် အပြုံလိုက် အုချထားတယ်။ အုပြီးရင် ၉ရက်မှ ၁၁ ရက်ကြာရင် လောက်ကောင်လေးတွေ ပေါက်လာတယ်။ ပေါက်ခါစလောက်ကောင်ငယ်လေးတွေဟာ ဖြူဖွေးပြီး ကြည်လင်နေတယ်။ လောက်ကောင်ဘဝမှာ သစ်ဆွေးကိုစားပြီး မြေပဲမြစ်ကိုစားတယ်။ ပြီးရင် မြေပဲတောင့်တွေကိုလဲ စားတယ်။ ပိုးလောက်ကောင် အဆင့်သုံးဆင့် ကျော်ဖြတ်ပြီးရင် မြေကြီးထဲမှာ ရုပ်ဖုံးလုပ်တယ်။ ရုပ်ဖုံးကနေ ဖိုးလမင်းကျိုင်းအဖြစ် ထွက်လာတယ်။ ဖိုးလမင်းကျိုင်းတွေဟာ မိုးဦးကျမှာ ဖိုးကျိုင်းကောင်အဖြစ် ထွက်လာပြီး ညအချိန်မှာ တမာရွက်နဲ့ ထနောင်းရွက်နုတွေကို စားတယ်။ ဖိုးလမင်းကျိုင်းဟာ တစ်နှစ်မှာ သားဆက်တစ်ဆက်သာ ပွားနိုင်တယ်။ ဒီကောင်ကျခံရရင် မြေပဲပင်တွေ အကွက်လိုက် အကွက်လိုက်သေကုန်တယ်။ အထွက်လဲ ကျသွားတယ်။
ဒီဖိုးလမင်းကျိုင်းကောင်ကို ကာကွယ်နှိမ်နှင်းဖို့ကတော့
- ဖိုးလမင်းကျိုင်းကျတဲ့ မြေပဲကွက်နှုတ်ပြီးရင် ထယ်ထိုးမြေလှန် မီးရှို့ပါ။
- ဒီကျိုင်းကောင်ကမြေကြီးထဲမှာဘဲ နေတာဆိုတော့ ကျပြီဆိုရင် နှိမ်နှင်းရခက်တယ်။ ဒါကြောင့် ကြိုတင်ကာကွယ်မှု လုပ်ရမယ်။
- မြေပဲစိုက်ဖို့ မြေယာပြုပြင်တဲ့အချိန်မှာ မြေအောင်းပိုးသတ်ဆေး တစ်မျိုးမျိုး (ဖျူရာဒန် ၃-ဂျီ ဆေးမှုန့်) ထည့်ပေးရမယ်။
- မြေပဲဆန် (သို့) အတောင့်ကိုလဲ မြေအောင်းပိုးသတ်ဆေး တမျိုးမျိုးနဲ့ လူးနယ်ပြီးမှ စိုက်ပါ။
- ဒီကျိုင်းကောင် စကျတာကို သိရင် မြေပဲတန်းကြားမှာ မြေအောင်းပိုးသတ်ဆေးတစ်မျိုးမျိုးကို မြေကြီးထဲ ရောက်အောင် ထည့်ပါ။
Credit - အောင်ဆန်း(စိုက်ပျိုးရေး)
အထွေထွေကဏ္ဍ
မြေပဲမှာကျတဲ့ ဖိုးလမင်းကျိုင်း
- 27/02/2020
မြေပဲမှာကျတဲ့ ဖိုးလမင်းကျိုင်း
ဒီတစ်ပတ် တောင်သူလယ်သမားမိဘကြီးများကို ဆွေးနွေးအကြုံပြုလိုတဲ့ အချက်ကလေးကတော့ မြေပဲကို ဒုက္ခပေးနေတဲ့ ဖိုးလမင်းကျိုင်းကောင်းကို ဘယ်လိုကာကွယ် နှိမ်နှင်းရမလဲဆိုတဲ့ အချက်ကလေးပါဘဲ။