တိုင်းဒေသကြီးမြို့ကို သွားတဲ့လမ်းတလျှောက်မှာ စပါးစိုက်ခင်းတွေ တမျှော်တခေါ်တွေ့ရတာ ဝမ်းသာစရာပါပဲ။ စိုက်ပျိုးရေးသမားပီပီ ကားပေါ်ကနေ စပါးခင်းတွေရဲ့ အခြေအနေကို စူးစိုက်လေ့လာမိပါတယ်။ အဲ့ဒီအထဲမှာ ကြည်နူးစရာလေးက ဝမ်းနည်းစရာလေး ဖြစ်သွားရတဲ့ အကြောင်းကတော့ တစ်ခွင်တစ်ပြင် တွေ့နေရတဲ့ စပါးခင်းကြီးတွေရဲ့ အရွက်အရောင်ဟာ စိမ်းမှောင်မနေဘဲ စိမ်းဝါဝါရောင် ဖြစ်နေလို့ပါပဲ။ ကားပေါ်ကနေ စပါးခင်းထဲ ဆင်းကြည့်တော့ စပါးပင်တွေက တချို့မှိုကပ် (သန္ဓေတည်)၊ တချို့က သန္ဓေတည်ဖို့ နီးနေတဲ့ အဆင့်ဖြစ်နေပြီ။
စပါးပင်ဟာ အပင်ကြီးထွားတဲ့အဆင့်(Vegetative Phase)၊ အနှံသန္ဓေထည့်တဲ့အဆင့် (Reproductive Phase)၊ အနှံသန္ဓေထည့်တဲ့အဆင့် (Reproductive Phase)နဲ့ ရင့်မှည့်တဲ့အဆင့် (Ripening Phase) ဆိုပြီး အဆင့်သုံးဆင့်ရှိတယ်။ စပါးပင် သက်တမ်းတလျှောက် ဒီအဆင့်တိုင်းမှာ စပါးပင် အရွက်တွေဟာ “ဝါ”လို့ မရပဲ အမြဲစိမ်းစိုနေရမယ်၊ အဲ့ဒီဝါလို့ မရတဲ့ အဆင့်တွေကတော့ ပထမ“ဝါ”ဟာ အပင်ပွားထွက်တဲ့အဆင့် (အပင်ကြီးထွားဆင့်)၊ ဒုတိယ“ဝါ”ကတော့ စပါးမှိုကပ်ချိန် (အနှံသန္ဓေတည်အဆင့်) မှာ မ“ဝါ”စေရဘူး၊ တတိယ “ဝါ”ကတော့ နို့ရည်တည်ချိန်၊ အနှံစုံချိန် (အနှံသန္ဓေတည်အဆင့်)မှာ မ“ဝါ”စေရဘူး၊ ဒီအဆင့်တွေမှာ စပါးပင် အရွက်တွေဟာ စိမ်းမှောင်မနေပဲ ဝါနေမယ်ဆိုရင် ဒီကထဲက စပါးအထွက်ကျဖို့ မလွဲဧကန်ပါပဲ၊ မှတ်ထားကြပါ။
စာရေးသူက တောင်သူလယ်သမားကြီးများကို ဟောပြောနေရင်း တောင်သူ လယ်သမားကြီးများရဲ့ စပါးခင်းတွေ အရွက်တွေ ဝါနေတာကို စိတ်ဝင်စားအောင် အရွှန်းဖောက်ပြီး “ဟေ့-မောင်မဲလုံး၊ ဒီနှစ် မင်းစပါးခင်းတွေက အရွက်တွေ ဝါလှချည်လား… ဝါမှာပေါ့ ဘောစိရဲ့၊ ပုလဲ မြေသြဇာကိုမှ မသုံးနိုင်တာကိုးဗျ” လို့ ဆွေးနွေးလိုက်တော့ ခန်းမတစ်ခုလုံး လက်ခုပ်သံတွေ တစ်ဖြောင်းဖြောင်း လွှမ်းသွားပါတော့တယ်။
စာရေးသူ သူတို့ကို ဆက်ပြီး ဆွေးနွေးပြတာကတော့ ပင်ပွားချိန်မှာ အရွက်တွေ မဝါစေရဘူး ဆိုတာကတော့ အဲ့ဒီအချိန် အရွက်တွေ ဝါနေရင် အစာချက်လုပ်အားနည်းမယ်၊ အပင်ကြီးထွားမှု တန့်နေမယ်၊ အမြစ်ထွက်အားညံ့မယ်၊ ပင်ပွား အထွက်နည်းသွားမယ်ဗျ၊ အပင်ပွားမှုနည်းသွားရင် တစ်ဧကမှာ ရှိရမယ့် ကြဲခင်းဆိုရင် အောင်နှံ ၁၅-၁၆ သိန်း၊ စိုက်ခင်းဆိုရင် အောင်နှံ ၁၀သိန်း ပြည့်ပြည့်ဝဝ မရတော့ဘူးပေါ့၊ တစ်နှံမှာ အောင်စေ့ ၁၀၀၊ တစ်ဧကမှာ အောင်နှံဆယ်သိန်း၊ တင်းတရာ ထွက်မယ့်ကိန်းလို့ ဆိုတယ် မဟုတ်လားဗျ၊ အဲ့ဒီတော့ ဒီအထဲက သတ်မှတ်အောင်နှံ ပြည့်ပြည့်ဝဝယူရင် စပါးထွက်က ကျပြီဗျ၊ အဲ့ဒီတော့ ဒီအဆင့်မှာ စပါးရွက်တွေ စိမ်းမှောင်ပြီး အစာချက်လုပ်အားကောင်းအောင် အပင်ကြီးထွားနှုန်းလည်း အားပေး၊ အမြစ်ထွက်နှုန်းလည်း အားပေး၊ ပင်ပွားအထွက်များအောင်လည်း အားပေးတဲ့ နိုက်ထရိုဂျင်ဓါတ်မြေသြဇာ မဖြစ်မနေ ကျွေးဖို့ လိုတာပေါ့ဗျာ၊ ဟုတ်ပီလား။
နောက် ဒုတိယ“ဝါ”ကတော့ တောင်သူလယ်သမားကြီးတို့ရဲ့ စပါးခင်းတွေဟာ မှို့ကပ်ချိန် (အနှံသန္ဓေတည်ချိန်)မှာ မဝါစေရဘူးဗျာ။ ဒါပေမဲ့ အခု စပါးခင်းတွေက ဝါထိန်နေတာဘဲဗျာ အားမရဘူး။ မှိုကပ်ချိန်မှာ ဘာလို့ စပါးရွက်တွေ မဝါစေရမှာလဲ။ စပါးပင်ရဲ့ ဗိုက်ထဲမှာ သူ့သားဆက်အတွက် အနှံသန္ဓေသားလေး တည်နေပြီလေ။ ဒီအနှံသန္ဓေသားလေး ကြီးထွားဖွံ့ဖြိုးပြီး ဖူးကားနေတဲ့ အနှံကြီးဖြစ်လာဖို့ အတွက် အာဟာရဓါတ် အလိုအပ်ဆုံး အချိန်ပေါ့ဗျာ။ လူကိုယ်ဝန်ဆောင် မိခင်တွေ ဗိုက်ထဲက ကလေးကျန်းမာရေးအတွက် အားဆေးအဖြစ် ဖြူရာမင်ဘီစီတို့၊ အိုဗီမင်တို့၊ နို့တို့၊ ကြက်ဥတို့၊ အသားတို့ စားပေးရသလိုပေါ့ဗျာ။
စပါးပင်ရဲ့ အနှံသန္ဓေသားလေး ဖောင်းကားကြီးထွားတဲ့ အနှံကြီးထွက်လာဖို့အတွက် အမြစ်က စုပ်ယူတဲ့ အစာအာဟာရဓါတ်နဲ့ အရွက်ရဲ့ အစိမ်းရောင်က နေရောင်ခြည်နဲ့ ချက်လုပ်လိုက်တဲ့ ကာဗိုဟိုက်ဒရိတ်အစာ (ဥပမာ - ဖြူရာမင်ဘီစီ၊ အိုဗီမင်၊ နို့၊ ကြက်ဥ၊ အသား) များရဲ့ ၆၅ ရာခိုင်နှုန်းကို အနှံသန္ဓေလေး ကြီးထွားဖွံ့ဖြိုးဖို့အတွက် အသုံးချတယ်ဗျ။ အဲ့ဒီအချိန်မှာ အစာချက်ရမဲ့ အရွက်က ဝါနေမယ်၊ အသာ အာဟာရဓါတ်ကလဲ ချို့တဲ့မယ်၊ အစာ ကောင်းကောင်းလဲ မချက်နိုင်ရင် အနှံသန္ဓေသားလေး အာဟာရချို့တဲ့၊ အစာငတ် အနှံသန္ဓေလဲ မကြီးထွား၊ အစေ့လဲ မများ၊ အောင်စေ့လဲ နည်းသွားတာပေါ့။ ဒီတော့ ဒီအချိန်မှာ စပါးရွက်တွေ စိမ်းစိုကျန်းမာပြီး အစာချက်လုပ်အားကောင်းအောင် မြေဆီလွှာထဲမှာလဲ အာဟာရဓါတ် မချို့တဲ့အောင် နိုက်ထရိုဂျင်ဓါတ်ပါတဲ့ ဓါတ်မြေသြဇာ ဒါမှမဟုတ် ရွက်ဖျန်းမြေသြဇာ တစ်မျိုးမျိုးကို မှိုမကပ်မီ (အနှံသန္ဓေမတည်မီ) တစ်ပတ်အလိုမှာ ကျွေးပေးဖို့ လိုတယ်ဗျ။ မှိုကပ်ချိန်မှာ ထဲ့ရင်တော့ အဖျင်းများစေတယ်ဗျို့။ ဒါကိုတော့ သတိပြုကြဗျာ။
နောက် တတိယ “ဝါ”ကတော့ နို့ရည်တည်ချိန် (ရင့်မှည့်ကာလ)မှာ စပါးရွက်တွေ မဝါစေဖို့ဘဲဗျာ၊ ဒီအဆင့်မှာ အနှံသန္ဓေသားလေး အဆင့်ဆင့် ကြီးထွားလာပြီး အနှံအဖြစ် အပြင်ကို ထွက်လာတယ်။(ကလေးမွေးပြီပေါ့ဗျာ။) အနံှမှာ ပါလာတဲ့ စပါးစေ့လေးတွေဟာ အခွံပဲ ပါလာတာပါ။ အထဲမှာ အဆံ မပါလာသေးပါဘူး။ စပါးတစ်ခင်းလုံးရဲ့ အနှံတွေ စုံအောင် ထွက်လာပြီဆိုရင် စပါးနှံရဲ့ ထိပ်ဆုံးမှာရှိတဲ့ စပါးစေ့ကလေးတွေဟာ နံနက် ၈ နာရီကနေ ၁၁ နာရီအတွင်းမှာ ပန်းစပွင့်ပါတယ်။ ပန်းပွင့် သန္ဓေ အောင်ပြီးသွားတာနဲ့ စပါးခွံနှစ်ခြမ်းဟာ ပြန်ပိတ်သွားပါတယ်။ စပါးပန်းပွင့်တာဟာလဲ စပါးနှံထိပ်ဖျားမှ တဖြည်းဖြည်းအောက်သို့ ပွင့်သွားပါတယ်။ တနှံလုံးပွင့်ဖို့အတွက် နှစ်ပတ်ခန့် ကြာတတ်ပါတယ်။
စပါးခွံ နှစ်ခြမ်းပြန်ပိတ်သွားတဲ့ အထဲမှာ ဆန်ဖြစ်လာဖို့အတွက် စပါးစေ့ အဆင့်ဆင့် ဖြစ်တည်ရပါတယ်။ အထဲမှာ အစာ အာဟာရဖြည့်တယ်ပေါ့ဗျာ။ ပထမ နို့ရည်ကျဲကျဲ၊ တဖြည်းဖြည်း နို့ရည်ပျစ်၊ နို့ရည်ခဲ၊ နို့ရည်နောက်၊ နောက်နို့ရည်မာ၊ နောက်ဆုံး ဆန်စေ့ ဖြစ်လာတယ်။ ဆန်သားဖြစ်ဖို့ သုံးပတ်ခန့် ကြာတယ်ဗျ။ ဒီလို စပါးခွံထဲမှာ ဆန်သားလေး ပြည့်ပြည့်ဖြိုးဖြိုးနဲ့ အောင်မြင်တဲ့ အစေ့ ဖြစ်လာဖို့အတွက် အစာအများဆုံး အသုံးချတာပေါ့ဗျာ။ ဘယ်ကအစာကို အသုံးချတာလဲ၊ အမြစ်က စုတ်ယူတဲ့ အာဟာရ၊ အရွက်ရဲ့ အစိမ်းရောင်ကနေ ရောင်ခြည်နဲ့ ချက်လုပ်လိုက်တဲ့ ကာဗိုဟိုက်ဒရိတ်ကို ၆၅ ရာခိုင်နှုန်း အသုံးချတာဗျ။ ကဲ…တောင်သူလယ်သမား ဦးကြီးတို့ ဆန်သားလေး ပြည့်ပြည့်ဖြိုးဖြိုး ဖြစ်တည်ဖို့အတွက် လိုအပ်တဲ့ အစာအာဟာရကို ချက်လုပ်ပေးဖို့ တာဝန်ရှိနေတဲ့ စပါးရွက်တွေက စိမ်းမနေဘဲ “ဝါ” နေမယ်ဆိုရင် ဆန်သားလေး အစာ အာဟာရ ငတ်ပီပေါ့ဗျာ။ အဆန်မအောင်၊ အဆန်ချောင်၊ အဖျင်းများ၊ အထွက်ကလဲ သွားပြီပေါ့ဗျာ။ ဒါကြောင့် ဒီအချိန်မှာ မြေဆီလွှာမကောင်း အာဟာရ မချို့တဲ့စေဖို့၊ ရေမပြတ်စေဖို့၊ အရွက်တွေ စိမ်းမှောင်ကျန်းမာနေစေဖို့ နိုက်ထရိုဂျင်ဓာတ်ပါတဲ့ ဓါတ်မြေသြဇာ (သို့) အရွက်ဖျန်းမြေသြဇာ နှစ်ကြိမ်၊ သုံးကြိမ်လောက် ဖျန်းပေးဖို့ လိုတာပေါ့ဗျာ။ ကဲ…ဟုတ်ပီလား။
နောက်ပိုင်း နည်းပညာ တိုးတက်လာတဲ့ခေတ်မှာ နိုက်ထရိုဂျင်မြေသြဇာကို တစ်ကြိမ်ထဲ ကျွေးမဲ့အစား ပင်ပွားချိန်၊ မှိုမကပ်မီ တစ်ပတ်အလိုအချိန်၊ အနှံ၈၅%ထွက်ချိန်၊ အနှံစုံချိန်၊ နို့ရည်တည်ချိန် (၅)ကြိမ်ခွဲကျွေးရင် တစ်ဧက စပါးထွက် ၃၀% ရာခိုင်နှုန်း အထွက်တိုးတယ်လို့ ရေဆင်း စိုက်ပျိုးရေး သုတေသန ဦးစီးဌာနက ဆိုထားသဗျ။ ဖော့စဖရပ်ဓါတ်မြေသြဇာကိုတော့ မြေပြင်ချိန်မှာ တစ်ကြိမ်ထဲ သုံးရမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဖော့စဖရပ် ဓါတ်မြေသြဇာသုံးရင် မြေဆွေး မဖြစ်မနေသုံးဖို့ တိုက်တွန်းထားတယ်ဗျ၊ ပိုတက်စီယမ် ဓါတ်မြေသြဇာကိုလဲ တစ်ကြိမ်ထဲ သုံးတာထက် မြေပြုပြင်ချိန်၊ ပင်ပွားချိန်၊ မှိုမကပ်မီ တစ်ပတ်အလိုအချိန် သုံးကြိမ်ခွဲသုံးရင် အမြစ်က စုပ်ယူအားကောင်းပြီး စပါးတစ်ဧက (၆-၈) ရာခိုင်နှုန်းထိ အထွက်တိုးတဲ့ အပြင် စပါးအောင်စေ့များပြီး စပါးစေ့ အရောင်အသွေး တောက်ပတယ်လို့ ဆိုထားသဗျ။ စပါးတစ်တင်း ထွက်ဖို့အတွက် စပါးပင်က နိုက်ထရိုဂျင် ၂.၅ ပေါင်၊ ဖော့စ်ဖရပ် ၁ပေါင် ပိုတက်စီယမ် ဝ.၅ ပေါင် လိုအပ်တယ်လို့ ဆိုပါတယ်။ စုစုပေါင်းလိုအပ်တဲ့ အာဟာရရဲ့ ၂၅% ရာခိုင်နှုန်းကို မြေဆီလွှာ အတွင်းက သဘာဝ စုပ်ယူတယ်လို့ ဆိုပါတယ်။ ကျန်တဲ့ ၇၅% ရာခိုင်နှုန်းကို လူက ထည့်ပေးရတယ်ပေါ့ဗျာ။
ကဲ…ဒီလောက်ဆို စပါးအထွက်တိုးဖို့ “ဝါ”သုံး“ဝါ” မဖြစ်အောင် ဂရုစိုက်ဖို့ သဘောပေါက်ကြပြီ ထင်ပါတယ်ဗျာ။ ကျေးဇူးတင်ပါတယ်။
Credit - အောင်ဆန်း(စိုက်ပျိုးရေး)
အထွေထွေကဏ္ဍ
စပါးအထွက်တိုးချင်ရင် “ဝါသုံးဝါ” မဖြစ်အောင် ဂရုတစိုက် ပြုစုဖို့လို
- 31/01/2020
ပြီးခဲ့တဲ့ အပတ်ထဲက တိုင်းဒေသကြီးတစ်ခုရဲ့ အစိုးရအဖွဲ့က တိုင်းမြို့တော်ခန်းမမှာ ကြီးမှူးကျင်းပတဲ့ တောင်သူလယ်သမားများ စိုက်ပျိုးနည်းပညာ ဟောပြောပွဲ ဖိတ်ကြားတဲ့အတွက် သွားရောက် ဆွေးနွေးခဲ့ပါတယ်။ တောင်သူလယ်သမားတွေလဲ ခန်းမကြီးနဲ့ အပြည့်ဆိုတော့ ၆၀၀ ကျော် တက်ရောက်တယ်လို့ သိရပါတယ်။