နွေစပါးဆို ရေကိုချွေတာ လိုမှသွင်းပါ အပိုင်း (၂)

စပါးစေ့ အညှောက်ပေါက်ပြီး နှစ်ပတ်အတွင်း အမြစ်မှ အစာမစုပ်ယူသေးဘဲ ၎င်း၏အစေ့တွင်းရှိ အစာဖြင့်သာ ရပ်တည်ကြီးထွားသည်။ အမြစ်ကြီးထွားဖွံ့ဖြိုးမှုလည်း စတင်ဖြစ်ပေါ်သည်။ ၎င်းအချိန်မှစ၍ မြေသြဇာနှင့် မြေဆွေး စတင်ကျွေးပေးရန် လိုအပ်သည်။

အပင်ကြီးထွားမှုကာလတွင် သက်တမ်း ၁၁၅ ရက် စပါးမျိုးအတွက် တစ်ဧက ရေ ၂ ဒသမ ၅ ဧကပေ၊ သက်တမ်း ၁၂၅ ရက်မှ ၁၃၀ ရက် စပါးမျိုးများအတွက် တစ်ဧက ရေ ၃ မှ ၃ ဒသမ ၅ ဧကပေ သွင်းရန် လိုအပ်သည်။ ရေသွင်းရာတွင် အပင်ငယ်နေသဖြင့် စပါးပင်အရွက်များ ရေလွတ်အောင် တစ်လက်မမှ တစ်လက်မခွဲခန့်သာ သွင်းရမည်။ စပါးခင်းအတွင်း တမန်းပြင်ပေါ်တွင် ရေ၏အနိမ့်အမြင့် ညီအောင် ဂရုစိုက်ရမည်။ တမန်းမျက်နှာပြင် မညီသဖြင့် ရေအနိမ့်အမြင့် (အတိမ်အနက်) မညီပါက စပါးပင် ကြီးထွားမှုလည်း မညီမညာ ဖြစ်နိုင်သည်။
နွေစပါးသည် ကြဲခင်းဖြစ်သဖြင့် ပေါင်းထူတတ်သည်။ ပေါင်းထူလျှင် အပင်မထတော့ဘဲ ကြီးထွားမှု တန့်နေတတ်သည်။ တမန်းပြင်စဉ်ကတည်းက မြက်နှင့် ပေါင်းပင်များ သေချာစွာ လိုက်ကောက်ပြီး ရှင်းလင်း သုတ်သင်ခဲ့ရန် လိုအပ်သည်။ နွေစပါးကြဲခင်းတွင် အပင်ကြီးထွားမှုကာလ၌ စပါးပင်သည် တစ်ပင်ချင်း၏ နေရာရမှုအပေါ် မူတည်၍ တစ်ပင်မှ နှစ်ပင်သုံးပင်ခန့်သာ ပွားနိုင်သည်။ အပင်ကြီးထွားမှုကာလတွင် အပင်ကြီးထွားလာပြီး စပါးပင် အရပ်မြင့်လာသည်နှင့်အမျှ ရေအတိမ်အနက်ကို ပို၍မြှင့်သွင်းပြီး ရေမပြတ်အောင် ထိန်းသိမ်းထားရန် လိုအပ်သည်။
စပါးပင်ကြီးထွားမှု ကာလကုန်ဆုံးပါက အနှံသန္ဓေ ကြီးထွားမှုကာလ စတင်သည်။ အနှံသန္ဓေ ကြီးထွားမှု ကာလတွင် စပါးနှံခက် အရွယ်အစား၊ အစေ့အရေအတွက်စသည်တို့ အဆုံးအဖြတ်ပေးသည်။ အမြစ်သည် ကြီးထွားဖွံ့ဖြိုးမှု အားကောင်းပြီး တမန်းလွှာကို ကျောဖြတ်၍ ဒုတိယမြေလွှာထိ ထိုးဖောက်သွားသည်။ အမြစ်က စုပ်ယူတင်ပို့သော အစာဖြင့် အရွက်များက အစာချက်လုပ် ကြီးထွားဖွံ့ဖြိုးသည်။ အမြစ်များ ကြီးထွားဖွံ့ဖြိုးမှ အစာရေစာ ကောင်းကောင်းစုပ်နိုင်သည်။ အမြစ်ကြီးထွားဖွံ့ဖြိုးရန် တမန်းပြင်စဉ်ကတည်းက တမန်းနက်ရန်၊ ညက်ရန် ဂရုစိုက် ပြုပြင်ခဲ့ရမည်။
အနှံသန္ဓေ ကြီးထွားမှုကာလတွင် စပါးနှံဖြစ်ပေါ်စေမည့် အခြေခံကျသော ကာလဖြစ်သည်။ ဤအချိန်တွင် ရေပြတ်ခြင်း၊ အစာအာဟာရချို့တဲ့ခြင်း၊ ပိုးမွှားရောဂါကျရောက်ခြင်းများ ခံရပါက စပါးအထွက်ကျမည်ဖြစ်သည်။ ထို့ကြောင့် သက်တမ်း ၁၁၅ ရက် စပါးမျိုးအတွက် တစ်ဧက ရေ ၁ ဒသမ ၇ ဧကပေ၊ သက်တမ်း ၁၂၅ ရက်မှ ၁၃၀ ရက် စပါးမျိုးအတွက် တစ်ဧက ရေ ၁ ဒသမ ၇ ဧကပေ သွင်းပေးရန် လိုအပ်သည်။ ၎င်းကာလတွင် စပါးနှံကြီးထွားမှု စပါးစေ့အောင်မြင်မှုအတွက် ဓာတ်မြေသြဇာနှင့် မြေဆွေး၊ နွားချေးရောစပ်ကျွေးပေးရန် လိုအပ်သည်။
စပါးအနံှသန္ဓေ ကြီးထွားမှုကာလ ကုန်ဆုံးပါက ရင့်မှည့်ခြင်းကာလ စတင်သည်။ စပါး ရင့်မှည့်ခြင်းကာလတွင် စပါးနှံများ အစေ့အဆန်အားလုံး အောင်မြင်သွားပြီး စပါးနှံအားလုံး ငိုက်သွားချိန်တွင် အောင်ရေလွှတ်သည်။ အောင်ရေလွှတ်ခြင်းသည် မရိတ်သိမ်းမီ ၁၅ ရက်အလိုတွင် လွှတ်ပါသည်။ သို့အတွက် ရင့်မှည့်ကာလတွင် စပါးခင်း ရေလိုအပ်သည့်ရက်မှ ၁၅ ရက်သာ လိုအပ်သည်။ စပါး ရင့်မှည့်သည့်ကာလတွင် သက်တမ်း ၁၁၅ ရက်နှင့် သက်တမ်း ၁၂၅ ရက်မှ ၁၃၀ ရက် စပါးမျိူးများအတွက် တစ်ဧက ရေ ဒသမ ၈ ဧကပေသာ သွင်းပေးရန် လိုအပ်သည်။
နွေစပါး ရေတင်သွင်းရခြင်းမှာ ဆည်ရေမှအပ လျှပ်စစ်မြစ်ရေတင်လုပ်ငန်းဖြင့် တင်လျှင်လည်း လျှပ်စစ် စွမ်းအားကို အသုံးချတင်သွင်းရသည်။ မလိုအပ်ဘဲ ရေသွင်းလျှင် စွမ်းအင်အလေအလွင့်ဖြစ်မည်။ ဒီဇယ်အသုံးပြု၍ ရေစုပ်စက်ဖြင့် ရေတင်ရသော လယ်သမားအများစုသည် ရေကို ရွှေနှင့်ဆက်၍ တင်ရဘိသကဲ့သို့ အလွန်တန်ဖိုးကြီးလှသည်။ မလိုအပ်ဘဲ ရေတင်သွင်းလျှင် ငွေကို ရေအဖြစ်ပြောင်း၍ သွန်ပစ်သကဲ့သို့ ဆုံးရှုံးရသည်။ ထို့အတူပင် ကန်သင်းကိုလုံအောင် ဂရုပြု မဆောင်ရွက်လျှင် ငွေအလုံးအရင်းနှင့် ရင်းထားရသော ဒီဇယ်ဆီများ အချည်းနှီးဖြစ်ရသည်။ သို့ပါ၍ ခြိုးခြံချွေတာပြီး နွေစပါးကို ရေလိုအပ်မှသာ ရေသွင်းရန်နှင့် မိမိသွင်းထားသော ရေများ စပါးခင်းအတွင်း တည်တံ့နေစေရန်အတွက် အထူးဂရုပြုဆောင်ရွက်ကြရန် လိုအပ်ပါသည်။
..................................................

Credit - အောင်ဆန်း(စိုက်ပျိုးရေး)

Share this article

About us

We established Myanma Shwe Nagar Agricultural Group Co.,Ltd since 2004 in Myanmar .

 

We had mainly invested in agriculture by doing production and distribution of Fertilizers, insecticides, herbicides and some plants growth regulators, hormones which all are essential inputs used in all farms to get crop high yield.

Last posts

Contact Us

 No.402 ,U Phoe Hlaing Street Shwe Lin Ban Industrial Zone Hlaing Thar Yar Tsp,Yangon, Myanmar .

 myanmashwenagaroffice@gmail.com

 09253322255, 09253322266, 09253322277, 09253322288,09450601897