နွေစပါးသည် မိုးစပါးအပြီး သီးထပ်စိုက်ရသည့် သီးနှံဖြစ်သဖြင့် ရေသွင်းစိုက်ပျိုးရသည်။ စိုက်ပျိုးရေကို မြစ်ချောင်း၊ အင်းအိုင်၊ ကန်များမှ ရေကို လျှပ်စစ်မြစ်ရေတင် စီမံကိန်းများဖြင့် သွင်းရသည်။ အချို့လယ်သမားများက ရေစုပ်စက်များဖြင့် တင်သွင်းသည်။
နွေစပါးသည် အများအားဖြင့် မိုးစပါးအပြီး ဆောင်းဝင်ချိန်မှ မိုးဦးမကျမီအတွင်း ရက်ပေါင်း ၁၂၀ မှ ၁၃၀ အတွင်း စိုက်ပျိူးရိတ်သိမ်းနိုင်စေရန် ဆောင်ရွက်ရသည်။ သို့အတွက် ရတနာတိုး၊ ရေဆင်း ၂-၃၊ သီးထပ်ရင်၊ ရေဆင်းလုံးသွယ်၊ မှော်ဘီ (၂) စသည့် သက်တမ်း ၁၁၀ မှ ၁၃၀ အတွင်းရှိ သက်တမ်းတို သက်ငယ်စပါးမျိုးများကို အသုံးပြုရသည်။
အချို့ဒေသများတွင် ဆောင်းတွင်းညပိုင်း အအေးပိုတတ်ပြီး အပင်ပေါက်နှေးခြင်း၊ အပင်ကြီးထွားမှု နှေးခြင်းများကြောင့် စိုက်ချိန်ကို ရိတ်သိမ်းနိုင်မည့်အချိန်နှင့် ချိန်ဆ၍ အနည်းငယ် နောက်ဆုတ်စိုက်ကြသည်။ စပါးပင်၏ သက်တမ်းနှင့် ရေလိုအပ်ချက်သည် ဆက်နွယ်လျက်ရှိသည်။ သက်တမ်း ၁၁၅ ရက်သာရှိသည့် စပါးမျိုးဆိုလျှင် ရေသွင်းရန် ရက် ၁၀၀ သာ လိုအပ်သည်။ သက်တမ်း ၁၃၅ ရက်သာရှိသည့် စပါးမျိုးဖြစ်ပါက ၁၂၀ ရက်သာ ရေသွင်းရန် လိုအပ်သည်။ သက်တမ်းတိုသော စပါးမျိုးဖြစ်လေ ရေသွင်းရသည့် ရက်နည်းလေ ဖြစ်သည်။
နွေစပါး သက်တမ်းတစ်လျှောက် လိုအပ်သော ရေပမာဏရှိနေစေရန် ရေပေးသွင်းရမည့် အကြိမ်မှာ မြေအမျိုးအစားနှင့် ကန်သင်းလုံမှုအပေါ် မူတည်သည်။ မြေသည် အနိမ့်ပိုင်းဖြစ်ပြီး ရေထိန်းအားကောင်းပါက ရေတစ်ကြိမ်သွင်းထားလျှင် ရေကြောကြာနိုင်သဖြင့် ရေပေးသွင်းရမည့် အကြိမ်လျော့နိုင်သည်။ အချို့လူ၏ ပေါ့လျော့မှုကြောင့် ကန်သင်းမလုံခြင်း၊ ကြွက်ပေါက်များ သေချာ မပိတ်ခြင်း၊ ကတွတ်ပေါက်များ မစောင့်ရှောက်ခြင်းကြောင့် ရေသွင်းလိုက်၊ ရေခန်းသွားလိုက်၊ ရေပြန်သွင်းလိုက်နှင့် အကြိမ်များစွာ သွင်းကြရ သည်ကို တွေ့ရသည်။ အချို့ နွေစပါး မစိုက်သင့်သော သဲဆန်ကုန်းကြောမြေ။ ဂဝံပေါက် မြေများတွင် ရေကြာရှည်မခံဘဲ စိမ့်ဆင်းသွားသဖြင့် အကြိမ်များစွာ ရေသွင်းကြရသည်ကို တွေ့ရသည်။ ယခုခေတ် စိုက်ပျိုးထုတ်လုပ်မှုစရိတ်နှင့် ချိန်ထိုးကြည့်လျှင် မည်သို့မျှ တွက်ခြေမကိုက်ပေ။
စပါးပင်သည် အပင်ကြီးထွားမှုကာလ၊ အနှံသန္ဓေ ကြီးထွားမှုကာလ၊ ရင့်မှည့်မှုကာလဟူ၍ ကာလသုံးခုရှိ သည်။ အပင်ကြီးထွားမှုကာလသည် သက်တမ်းအလိုက် ပြောင်းထဲမှုရှိသည်။ သက်တမ်း ၁၁၅ ရက် စပါးမျိုးဖြစ်ပါက အပင်ကြီးထွားမှုကာလ ၅၀ ရက်၊ အနှံသန္ဓေ ကြီးထွားမှုကာလ ၃၅ ရက်၊ ရင့်မှည့်မှုကာလ ၃၀ ရက် ဖြစ်သည်။ သက်တမ်း ၁၂၀ ရက် စပါးမျိုးဖြစ်ပါက အပင်ကြီးထွားမှုကာလ ၅၅ ရက်၊ အနှံသန္ဓေ ကြီးထွားမှုကာလ ၃၅ ရက်၊ ရင့်မှည့်မှုကာလ ၃၀ ရက် ဖြစ်သည်။
နွေစပါးသည် သက်တမ်းငယ် စပါးမျိုးများဖြစ်သဖြင့် အပင်ပွားကို မယူကြဘဲ ခေါင်နှံကိုသာ အဓိကယူကြသဖြင့် ကြဲစိုက် စိုက်ကြသည်။ မျိူးကို နှစ်တင်းခွဲ သုံးတင်း အသုံးပြုကြသည်။
စပါးပင်ကြီးထွားမှုကာလတွင် မြေယာပြုပြင်ထွန်ယက်ခြင်း၊ စပါးစေ့ အညှောက်ထွက်ခြင်း၊ အမြစ်စွဲခြင်း၊ အရွက်များထွက်၍ ကြီးထွားခြင်း၊ အပင်ပွားစည်းခြင်းများ အဆင့်ဆင့်ဖြစ်ပေါ်သည်။ အနှံသန္ဓေ စတင်ပါက ၎င်းကာလ ကုန်ဆုံးသည်။ အပင်ကြီးထွားမှုကာလတွင် ပိုးမွှားရောဂါ မကျရောက်စေရန် ဂရုစိုက်ရမည်။
..................................................
Credit - အောင်ဆန်း(စိုက်ပျိုးရေး)