ကျရောက်သည့်အချိန်
ဤရောဂါဖြစ်စေသော နီမတုတ်သည် ပေါင်းပင်များ၊ စပါးရိုးပြတ်အမြစ်များနှင့် မြေထဲတွင် အသက်ရှင် နေနိုင်သဖြင့် ပျိုးပင်အဆင့်မှ ရိတ်သိမ်းချိန်အထိ ရောဂါကျရောက် ပျံ့ပွားနိုင်သည်။ စပါးပင် ပင်ပွားထွက်ချိန်မှ အနှံထွက်ချိန်အထိ စပါးပင်၏ အမြစ်အတွင်း၌ နီမတုတ် အကောင်အရေအတွက် အများဆုံးတွေ့ရှိနိုင်သည်။ မြေဆောင် နီမတုတ် ဖြစ်သည်။
ရောဂါလက္ခဏာများ
စပါးပင်၏ ကြီးထွားနှုန်းနှေးကွေးခြင်း၊ ပင်ပွားအရေအတွက် လျော့နည်းခြင်း လက္ခဏာများကို စပါးပင်၏ ကြီးထွားချိန်အစောပိုင်းကာလတွင် အထူးသဖြင့် တွေ့ရနိုင်သည်။ တခါတရံတွင် စပါးပင်များ ဝါခြင်း၊ ပန်းပွင့်ချိန်နောက်ကျခြင်းနှင့် စပါးပင်အမြစ်များ သံချေးရောင်၊ အညိုရောင်ပြောင်း၍ ပုပ်နေခြင်းကို တွေ့နိုင်သည်။ နှစ်စဉ်ဆက်တိုက် ကျရောက် ပါက မျိုးစေ့အရည်အသွေးကို ထိခိုက်စေပါသည်။
ကာကွယ်နှိမ်နင်းနည်း
၁။ စပါးရိတ်သိမ်းပြီးချိန်၌ စပါးပင်အမြစ်များ ရိုးပြတ်များ၊ ပင်ကြွင်းပင်ကျန်များနှင့် ပေါင်းမြက်များကို မီးရှို့ပစ်ခြင်းဖြင့် နီမတုတ်များကို သေစေပါသည်။
၂။ ပျိုးထောင်စိုက်ပါက ရောဂါကင်းသောလယ်တွင် ပျိုးထောင်စိုက်ရန်။
၃။ သက်လျင်စပါးမျိုးကို အသုံးပြုခြင်းဖြင့် နီမတုတ်မျိုးပွားမှု အချိန်တိုစေခြင်း။
၄။ ပိုတက်ဓါတ်မြေဩဇာ ၂၈ ပေါင်/ ဧက (သို့မဟုတ်) စက်ဖွဲပြာ ၁၀ တင်း/ဧက မြေခံအဖြစ်ကြဲပက်ထွန်မွှေပေးပါ။ မြေအချဉ်ဓါတ် ၅.၅ အောက်သို့ ရောက်လျှင် သံနှင့် အလူမီနီယမ်အဆိပ်သင့်မည်။ အိမ်ဆောက်ရာတွင် သုံးသောထုံးကို အသုံးပြုပါ။ ထုံးထည့်ပြုပြင်ရန် လိုသည်။
၅။ စပါးပြီးစပါးဆက်တိုက်စိုက်မည့်အစား နီမတုတ်ဆိုးဝါးစွာကျသော စိုက်ခင်းများကို စပါးနှင့် မျိုးရင်းမတူသော အခြားသီးနှံများနှင့် သီးလှည့်စိုက်ပါ။
၆။ Gypsum ကျောက်မှုန့်ကို (၆) ပိဿာ/ဧကနှုန်း ထည့်ပေးပါသော ကန့်ဓါတ်သည် နီမတုတ်ကျရောက်မှု ကို အဟန့်အတားဖြစ်သည်။
၇။ မျိုးစေ့များကို ဆားရည်စိမ် စိုက်ပါ။ ဆားရည်ကို စင်အောင်သေချာစွာ ဆေးပြီးမှ အပင် ဖောက်ပါ။ မျိုးစေ့ဆောင်ရောဂါမဟုတ်သော်လည်း ဤသို့ ပြုလုပ်ခြင်းသည် သန်မာသော ပျိုးပင်ရ၍ ကိုယ်ခံအားကောင်းသည့်အပြင် အခြားသော မျိုးစေ့ဆောင်ရောဂါများကို ဖယ်ရှားနိုင်ပါသည်။
စိုက်ပျိုးရေး